တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။
ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။
မင်းသုဝဏ်
0 comments:
Post a Comment