Pages

Thursday, August 16, 2012

ရှမ်းမြောက်တွင် ဆိုင်ကယ်အဟောင်းအား အလိုက်ပေးလဲလှယ်သည့် ဈေးကွက်ကြီးမားလာ




ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ဆိုင်ကယ်ဈေးကွက်တွင်း အသစ်ဝယ်ယူစီးနင်းမှုထက် အဟောင်းများကို အလိုက်
ပေးကာ ဆိုင်ကယ်အသစ်နှင့်လဲလှယ်စီးနှင်းမှု ပိုမိုများပြားလာကြောင်း ပွဲစားများထံက သိရသည်။

''ဆိုင်ကယ်က ရှိပြီးသားလဲဖြစ် အသစ်ဝယ်စီးဖို့လည်း ငွေအခက်အခဲဖြစ်ကြတယ်။ အဲဒါကြောင့် အသစ်ဝယ်စီးမယ့်အစား ရှိတဲ့ဘီး
ကို အလိုက်ပေးပြီး အသစ်နဲ့လဲလိုက်တာ ပိုများလာတယ်'' ဟု ကျောက်မဲမြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက
ပြောသည်။

ကျောက်မဲဆိုင်ကယ်ဈေးကွက်တွင်း၌ ပါဝါအင်ဂျင် (၁၁ဝ)စီစီ တစ်စီးလျှင် တံဆိပ်နှင့် အမျိုးအစား ပေါ်မူတည်၍ ကျပ် နှစ်သိန်း သုံးသောင်းဝန်းကျင်မှ ကျပ် သုံးသိန်းဝန်းကျင်ဈေးရှိပြီး၊ ပါဝါ အင်ဂျင် (၁၂၅)စီစီ တစ်စီးလျှင် အမျိုးအစားပေါ်မူတည်၍ ကျပ် သုံးသိန်းခွဲဝန်းကျင်မှ ကျပ် လေးသိန်းဝန်း ကျင် အထိ ဈေးရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  ၂ဝ၁၂ခုနှစ် ဇွန်လ လဆန်းပိုင်းကတည်းက ဆိုင်ကယ်လိုင်စင် လျှောက်ခွင့်ပြုခဲ့ သည့်အတွက်
ဆိုင်ကယ်ဈေးကွက်မှာ လှုပ်ခတ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

''ဈေးကွက်လှုပ်တယ်ဆိုတာကလည်း အသစ်ဈေးကွက် မဟုတ်ပါဘူး။ အဟောင်းကိုအလိုက်ပေး ပြီး လဲတဲ့ ဈေးကွက်ပါ။ စက်တင်ဘာလဆိုရင် လိုင်စင်ထုတ်ပေးတာရပ်မယ်ဆိုတော့ ဈေးကွက် နည်း နည်း ပြန်လှုပ်လာနိုင်တယ်''ဟု မြို့ခံလူငယ်ဆိုင်ကယ်ပွဲစားတစ်ဦးက သုံးသပ်သည်။

ဆိုင်ကယ်အဟောင်းလက်ခံသူများအနေဖြင့် ပါဝါအင်ဂျင်၊ ကြံခိုင်မူ၊ ဘီးအမျိုးအစားပေါ်မူတည်၍ တန်ဖိုးသတ်မှတ်ပေးပြီး လဲလှယ်လိုသူများအနေဖြင့် ကျပ် တစ်သိန်းမှ တစ်သိန်းခွဲ၊ နှစ်သိန်းအထိ အလိုက်ပေးလဲလှယ်ရကြောင်း သိရှိရသည်။

''ဆိုင်ကယ်အသစ်လည်း လိုချင်တယ်၊ လိုင်စင်လုပ်မှ စိတ်ချရတာဆိုတော့ လိုင်စင်လုပ်ဖို့ ငွေက လည်း လိုသေးတယ်လေ အဲ့ဒါကြောင့်ဆိုင်ကယ်အဟောင်းကို အလိုက်ပေးပြီးလဲတာက အခြေခံ လူတန်းစားတွေအတွက် ပိုအဆင်ပြေတယ်'' ဟု အဟောင်းကိုအလိုက်ပေးလဲလှယ်ခဲ့သူ ကိုမျိုးက  ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဆိုင်ကယ် အသစ်ဝယ်ယူခြင်းထက် အဟောင်းဘီးများအား အလိုက်ပေး လဲလှယ်မူ ပိုမိုများပြား လာခြင်းကြောင့် ဆိုင်ကယ်အသစ်ရောင်းချသူများမှာ မေလတွင်း ရောင်းချရ မှုထက် ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း ဆိုင်ကယ်အရောင်းဆိုင်များက စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ကျောက်မဲမြို့နယ်နည်းတူ နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ လားရှိုးမြို့နယ်အစရှိသည့် ရှမ်းပြည်မြောက်ပိုင်းဒေသ များတွင်လည်း ဆိုင်ကယ်အဟောင်းများအား အသစ်နှင့် အလိုက်ပေး လဲလှယ်သည့်ဈေးကွက်မှာ ဖွံ့ဖြိုးစပြု လာပြီဖြစ်ကြောင်း   နောင်ချိုမြို့နယ်မှ ဦးဇော်ဝင်းကဆိုသည်။

''အလိုက်ပေးလဲလှယ်တဲ့ဈေးကွက်က ကျောက်မဲမှာမှ မဟုတ်ဘူး၊ ကျွန်တော်တို့နောင်ချိုမှာလည်း ရှိတယ်၊ လားရှိုး၊သီပေါ အဲ့ဒီမှာလည်းရှိတယ်၊ ဘီးကြံ့ခိုင်မှုအပေါ်မှာ မူတည်ပြီး ဈေးသတ်မှတ်တာ များတယ်''ဟု နောင်ချိုမြို့မှ ကိုဇော်ဝင်းက ပြောသည်။

မြစ်မခသတင်း

0 comments:

Post a Comment