Pages

Tuesday, July 3, 2012

“မိုးပြိုရင် ဘယ်ခေါင်းမှ မလွတ်ဘူး”ဆိုတဲ့ စာအုပ် ဖြန့်ချီရန် ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ ပါရမီဖြည့်ဖက်တစ်ဦးဖြစ်တဲ့ အငြိမ်းစားဋ္ဌာနမှူး ပါမောက္ခဒေါက်တာစိန်စိန်သိန်းနဲ့ တွေ့ဆုံမေးမြန်းချက်


ကျွန်မတို့ငြိမ်းချမ်းစွာ အိပ်စက်ပြီး ငြိမ်းချမ်းစွာ နိုးထနိုင်မယ့် ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့ကလက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့လို့ ငြိမ်းချမ်းရေးနိုဗယ်ဆုယူစဉ်တွင် ဒေါက်တာဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ပါတယ်။ ဒီစကားအတွက်နိုင်ငံရေးသမားတစ်ဦးရဲ့ ပါရမီဖြည့်ဖက်တစ်ဦးဖြစ်တဲ့ အငြိမ်းစားဋ္ဌာနမှူး ပါမောက္ခဒေါက်တာစိန်စိန်သိန်းအား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။



သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစာအုပ်ဖြစ်တဲ့ “မိုးပြိုရင် ဘယ်ခေါင်းမှ မလွတ်ဘူး”ဆိုတဲ့ စာအုပ် ဖြန့်ချီရန် ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေစဉ် မေးမြန်းဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ မအားမလပ်တဲ့ကြားမှ ကျွန်မကိုပြုံးရယ် ရင်း အခုလို ဖြေကြားခဲ့ပါတယ်။


ကိုယ့်အချင်းချင်းမှ တစ်ယောက်ကို တစ်ယောက် မကူရင်ဘယ်သူလာလို့ ကူပါ့မလဲဆိုတဲ့ ဆိုတဲ့အတိုင်း " If we don’t help each other, who will? ” လို့ ပြောဆိုရင်း ကျွန်မမေးမြန်းသမျှတွေကို ဖြေကြားခဲ့ပြီးငြိမ်းချမ်းရေးနိုဗယ်ဆုရှင်   ဒေါက်တာအောင်ဆန်းစုကြည် ကိုလည်း ရောက်တဲ့နေရာ ၊ ရောက်တဲ့အချိန် ၊ ရောက်တဲ့အရွယ်က စပြီးကူညီကြရလိမ့်မယ်လို့ ပြောဆိုဖြစ်ခဲ့ပုံတွေကို စုစည်းတင်ပြအပ်ပါတယ်။


မေး။              ။ ဆရာမကြီးက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ issueကိုပဲ စိတ်ဝင်စားတာလား တခြား ရော ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားပါသေးလဲ။

ဖြေ။              ။ သဘာ၀၀န်းကျင်ကိစ္စတွေအပြင် ပရဟိတလုပ်ငန်းတွေကို လည်းစိတ်ဝင်စားမိပါတယ်။ ဥပမာ လွိုင်လင်ခရိုင် ပအိုဝ့်ကျေးလက် လူငယ်တွေက ဦးစီးဖွင့်လှစ်တဲ့ ကျေးလက်ဘော်ဒါကျောင်းကို ကျွန်မရောက်ခဲ့တယ်။ အဲ့ဒီမှာ န၀မတန်းအထိ ကျောင်းသူ/ကျောင်းသားလေးတွေကို ကျောင်းအိပ်ကျောင်းစားဘ၀နဲ့ သင်ကြားပေးနေတာကို တွေ့ရပါတယ်။ တစ်ကျောင်းလုံးအနေနဲ့ ကျောင်းသူ /သားပေါင်းက ပဉ္စမတန်းကနေ တက္ကသိုလ်အထိ (၁၇၂)ဦးရှိတယ်။ အဲ့ဒီ ကျောင်းသားတွေကို ၀န်ထမ်း(၁၀)ဦးကနေပြီးတော့ စေတနာအရနဲ့ စီမံပြီးအုပ်ချုပ်သင်ပြနေတာကို တွေ့ရ တယ်ပေါ့။ သူတို့လို ပအိုဝ့်ကျေးလက် လူငယ်ပျိုးထောင်ရေးလုပ်ငန်းလိုပဲ အခြားခြားသော တိုင်းရင်းသား လူငယ်လေးများ ပြုစုပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းလာစေချင်တဲ့ ဆန္ဒတွေဖြစ်လာတာပေါ့။ အဲ့ဒီကျောင်းမှာ စာကြည့်တိုက်ဖွင့်ပေးဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။စာအုပ်အချို့ကိုလည်း သက်ဆိုင်ရာကတဆင့်ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ကျောက်မဲမြို့နယ် ခဲမွန်ကျေးရွာမှာ ပြည်သူ့ စာကြည့်တိုက်(၁)ဖွင့်ပေးခဲ့သလို ဇူလိုင်လအတွင်းမှာ နောင်ချိုမြို့ ပန်ဟတ်ရပ်ကွက်မှာ ပြည်သူ့စာကြည့် တိုက်(၂)ကို ဖွင့်ပေးပြီးတော့ ပြည်သူ့စာကြည့်တိုက်(၃)ကို ပအိုဝ့်ကျေးလက်လူငယ်ပျိုးထောင်ရေး သင်တန်း ကျောင်းမှာ ဖွင့်ပေးဖို့ အစီအစဉ်ရှိပါတယ်။



မေး။              ။ လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်နေတာက နိုင်ငံရေးလုပ်နေတာလို့ ဆရာမကြီးအနေနဲ့ ထင်မြင်မိပါသလား။

ဖြေ။              ။ မြင်မိပါတယ်၊ ကျွန်မကမသိမသာမှ သိသိသာသာကို နိုင်ငံရေးလုပ်ဖြစ်လာပြီလို့ ယူဆမိပါ တယ်။ မိုးမိတ်ကိုရောက်သွားတော့ ကချင်ပြည်နယ်က စစ်ပြေးကျောင်းသူ/သားလေးတွေကို ခရစ်ယာန် သာသ နာပြုတဲ့ ဘုန်းကြီးတစ်ဦးကနေပြီးတော့ စောင့်ရှောက်ထားပြီး အ၀တ်အစားနဲ့ စာအုပ်စာတမ်းတွေ မလုံ မလောက်ဖြစ်နေတာကိုလဲ   တွေ့ခဲ့ရတယ်။ အဲဒီအတွက်လည်းကျွန်မအနေနဲ့မိသားစုဝင်များ ဆွေမျိုးသားချင်းများနဲ့ကျွန်မရဲ့အသိုင်းအ၀ိုင်းထံမှ အ၀တ်များ စာအုပ်ခဲတံများ အလှူခံပြီးပို့ပေးဖို့စီစဉ်ပြီးဖြစ်ပါတယ်။အဲ့တော့ လူမှုရေးနဲ့ နိုင်ငံရေးက ဆက်စပ်နေတာပေါ့ လူမှုရေးကို အရင် စတင်လုပ်ဆောင်ပြီးမှ နိုင်ငံ့အရေးကို ထဲထဲဝင်ဝင်လုပ်နိုင်မယ်လို့ ကျွန်မယုံကြည်ထားပါတယ်။ ပါတီ နိုင်ငံရေးကို လုပ်ဆောင်ဖို့တော့ ကျွန်မမှာ အခက်အခဲ အနည်းငယ်ရှိပါတယ်။ ခံနိုင်ရည် နည်းပါးခြင်း၊ စိတ်လှုပ် ရှားမှုများခြင်းဆိုတဲ့ အားနည်းချက်တွေကို အချိန်ယူပြင်ဆင်ပြီးမှ လုပ်သင့်တဲ့အချိန်မှာဒေါက်တာဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံမယ်လို့စဉ်းစားထားပါ တယ်။ ဖြစ်မဖြစ်တော့ အချိန်က ဆုံးဖြတ်သွားလိမ့်မယ်။ ကျွန်မမြင်တဲ့ နိုင်ငံရေးဆိုတာ သဘောတရားရေးရာ အရ အလွန်နက်နဲ သိမ်မွေ့နူးညံ့တဲ့ Political and Social Art ဘာသာရပ်တစ်ခုလို့ မြင်ထားပါတယ်။ စိတ်ခံစားမှု အတွေးအမြင် အယူအဆ၊ အတွေ့အကြုံများရှိဖို့ရာ ကျွန်မမှာ အတော့်ကိုလိုနေသေးတယ်လို့ ကျွန်မထင်ပါ တယ်။


မေး။              ။ နိုင်ငံရေးလောကထဲဝင်ချင်တဲ့ သူတွေကို  စိတ်ဓာတ်ခွန်အားသဘောမျိုးပေးပါဆိုရင် ဆရာမကြီးအနေနဲ့ ဘယ်လိုအားတွေ ပေးချင်ပါသလဲ။

ဖြေ။              ။ ကျွန်မ ရှမ်းပြည်နယ်ကို ရောက်တော့ နိုင်ငံရေးလောကထဲဝင်ချင်တဲ့ မိတ်ဆွေတွေ ကိုတွေ့ ခဲ့ရတယ်။ တစ်ဦးက ရဲအရာရှိ အငြိမ်းစား ၊ နောက်တစ်ဦးက အငြိမ်းစားဗိုလ်ကြီးပါ ၊သူတို့နှစ်ဦးက နိုင်ငံတော် ရဲ့အရေးတွေကို အသက်(၆၀)ကျော်မှာ လွတ်လွတ်လပ်လပ်ဆောင်ရွက်ပေးလိုတဲ့စိတ်နဲ့ နိုင်ငံရေးပါတီကို ၀င်ခွင့်လျှောက်လွှာတင်နေရရှာတယ်။ နောက်အငြိမ်းစား ဆရာမတစ်ဦး နိုင်ငံရေးကို လုပ်ချင်လို့ လျှောက်လွှာ တင်နေတာကိုတွေ့ရတယ်ပေါ့ ။ ဒါပေမဲ့ နိုင်ငံရေးလောကသားတွေ အနေနဲ့ ရဲအရာရှိဟောင်း ၊ စစ်တပ်က အရာရှိဟောင်းများကို သူတို့လောကထဲလာပြီးတော့ သူလျှိုလုပ်မလားဆိုတဲ့ ဒလံလုပ်မလားဆိုတဲ့ သံသယ စိတ်ကလေးတွေနဲ့မျက်မှန်စိမ်းတပ်ပြီး ကြည့်ကြတာကိုတော့ ခံစားခဲ့ရတယ်လို့ ပြန်ပြောပြကြပါတယ်။ သူတို့လည်း နိုင်ငံကို ချစ်တဲ့အတွက် အသက်၆၀ကျော်အငြိမ်းစားယူပြီးမှ ကျန်းမာနေသေးတော့ အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် လုပ်ပေးချင်တဲ့စိတ်နဲ့ ၀င်လာကြတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို သင့်တယ်လို့ ကျွန်မကတော့ထင်ပါတယ်။ အဲ့ဒီမှာတင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူဟောင်းလူသစ် နိုင်ငံတော်ကို ဘယ်သူပိုချစ်လဲဆိုတဲ့ ပြသာနာတွေ စတော့တာပဲ။ ဒါကလည်း သက်ဆိုင်ရာပါတီအသီးသီးရဲ့ ညီလာခံတွေ ပြီးဆုံးသွားတဲ့အခါ အဆင်ပြေသွားမှာပါ။ (၈၈)ကတည်းက နိုင်ငံကို ချစ်နိုင်ကြသလို ၂၀၁၂ကျမှ နိုင်ငံကို စချစ်လို့လဲရပါတယ်။ လူတိုင်းဟာ မိမိနိုင်ငံတော်ကို လွတ်လွတ်လပ်လပ် ချစ်လို့ရပါတယ်။ ဘယ်သူ ဘယ်ဝါက ဘယ်လောက်ထိ အနစ်နာခံထားတာ ဒါကြောင့်မို့ ဘယ်သူဘယ်ဝါပဲ အရွေးခံသင့်တယ် ဘာဘာ ညာညာဆိုတာ ၂၀၁၅မှာ သမိုင်းက ဆုံးဖြတ်သွားမယ့် ကိစ္စပါ။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ပွင့်ပွင့်လင်း လင်း လုပ်ဆောင်ခွင့်ရနေကြပြီဆိုတော့ သူလျှို ၊ ဒလံဆိုတဲ့ ကိစ္စကို ကြောက်စရာလိုတော့လို့လား။ ကျွန်မ ကတော့ အားလုံးကို စိတ်ချလက်ချနဲ့ ယုံယုံကြည်ကြည် လက်တွဲဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။


မေး။              ။ ပျိုရွယ်တုန်းက နိုင်ငံရေးလုပ်တာကို ကြောက်ရွံ့ခဲ့ပြီး အသက်၆၀ကျော်မှ နိုင်ငံရေးကို စိတ် ၀င်စားလာခြင်းအားဖြင့်ရော တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မှာမို့လို့လဲလို့ ဆရာမကြီးမြင်ပါသလဲ။

ဖြေ။              ။ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေး ၊ မိသားစုအရေးအတွက် ငယ်တုန်းက ရရာအလုပ်ကို ဦးဆောင်လုပ်ခဲ့ကြရတဲ့ ၀န်ထမ်းတွေအနေနဲ့ အခုလို အငြိမ်းစားယူပြီးမှ နိုင်ငံ့အရေးကို ဆောင်ရွက်ပေးချင်တဲ့ စိတ်ဓာတ်ကိုက လေးစားစရာပါ။ မိသားစုကို လုပ်ကိုင်ကျွေးမွေးဖို့ဆိုတာလည်း မိမိမှာ တာဝန်ရှိတယ်လေ။ တစ်အိမ်သားလုံး နိုင်ငံရေးလုပ်နေကြလို့ ငတ်နေရင် ဘယ်သူကျွေးမွေးထားမှာလဲ ၊ လူနေမှုစရိတ်အတွက် ဘယ်သူက ထောက်ပံ့မှာလဲ။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ပါတီက မိမိနိုင်ငံရေးသမားများကို လခပေးပြီး မိသားစုကိုပါ ကျွေးမွေးထားတာရှိလို့လဲ၊ နိုင်ငံရေးသမားအားလုံးဟာ မိမိ ဇနီးမယား ၊ သမီးသား ၊ ဆွေမျိုး ဥာဏ တွေရဲ့ ထောက်ပံ့မှုနဲ့လုပ်ခဲ့ကြရတော့ ကျွန်မအနေနဲ့ ပြောရရင်လည်း ဒီအတိုင်းပါပဲ။ ကျွန်မအမျိုးသား   နိုင်ငံရေးလုပ်တဲ့အတွက် ကျွန်မကပဲ ဦးဆောင်ဦးရွက်ပြုပြီး သားသမီးတွေ တာဝန်ယူခဲ့ရပါတယ်။

အခုအငြိမ်းစားယူပြီးတော့လဲကျွန်မကပဲဆက်လက်ပံ့ပိုးနေရတာပါပဲ။ဒီလိုဖြေရတဲ့အတွက်အားနာပါတယ်။ဒါပေမယ့်သဘာဝကျကျတွေးကြည့်ကြမယ် ဆိုရင်သဘောတရားကိုနားလည်ကြမှာပါ။`ဋ္ဌာနဆိုင်ရာ ၀န်ထမ်းအငြိမ်းစားတွေနဲ့ ပညာတတ်တွေပါလာရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအရ သူတို့ရဲ့ဘ၀ တစ်လျှောက်လုံးမှာ စည်းနဲ့ကမ်းနဲ့နေထိုင်ကျင့် သုံးတက်သူများဖြစ်တဲ့အတွက် လက်ရှိ နိုင်ငံရေးပါတီ အသီးသီးကို သူတို့အကူအညီနဲ့စနစ်တကျ ပုံပန်းတကျ ဆောင်ရွက်ပေးနိုင်ကြမှာ ဖြစ် ပါတယ်။


မေး။              ။ ဆရာမကြီးကရော နိုင်ငံရေးကို စိတ်ဝင်စားပါသလား။

ဖြေ။              ။ ကျွန်မကတော့ အထူးသဖြင့် နိုင်ငံရေးသမားတွေကို ပိုစိတ် ၀င်စားပါတယ် ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါခဲ့တော့ စာရေးဆရာကြီး ဗန်းမော်တင်အောင် ၊ ဓူဝံ၊  စာရေး ဆရာမကြီး ဒေါ်ခင်ဆွေဦးတို့ရဲ့ ၀တ္တုတွေက ကျွန်မကို လွှမ်းမိုးတာတွေ ရှိတော့ အဲ့ဒီအထဲက နိုင်ငံရေး သမားတွေကို ကျွန်မအထင်ကြီး အားကျခဲ့ပါတယ်။


မေး။              ။ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးလုပ်တဲ့သူတွေထဲကရော အားကျတဲ့သူရှိပါသလား။

ဖြေ။              ။ ကျွန်မအားကျခဲ့တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးသမားစာရေးဆရာများကတော့ ရေချယ်ကာဆန်တို့ ၊ AL. Gore တို့ လီယိုတော်စတွိုင်း တို့ဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်တွေကို အားကျတဲ့အတွက် ကျွန်မပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံရေးကို(Environmental politic)ကိုပိုပြီးစိတ်ဝင်စားတယ်လို့ ဆိုနိုင်ပါတယ် ။


မေး။              ။ နိုင်ငံတော်အတွက် ဆရာမကြီး လုပ်ပေးနိုင်တာရော ရှိပါသလား။

ဖြေ။              ။ ကျွန်မရောက်တဲ့အရပ်ကနေပြီးတော့ ကိုယ့်မှာရှိသမျှနဲ့ ကိုယ်တတ်နိုင်တာလေးတွေကိုတော့ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ လူ့လောကအတွက် မဟာအောင်မြင်မှုကြီးတွေကို ကျွန်မအနေနဲ့ ချန်ထားနိုင် ကောင်း ချန်ထားနိုင်မှာ ဖြစ်ပေမဲ့ အသေးအမွှားလေးတွေကိုတော့ အသက်ထက်ဆုံး လုပ်ပေးသွားမယ်လို့ ရည်ရွယ်ထား ပါတယ်။ ဘ၀ရဲ့လက်ကျန်ရက်ကလည်း (၃၆၀၀) လောက်ပဲ ကျန်နေသေးတော့ လုပ်စရာရှိ တာတွေကို အငြိမ်းစားဘ၀မှာ မြန်မြန်လုပ်ပေးရမယ်လို့ ကျွန်မခံယူထားပါတယ်။


မေး။              ။ လက်ရှိမြန်မာနိုင်ငံအရေးကိုရော ဘယ်လိုယူဆလို့ရနိုင်ပါသလဲရှင့် ။

ဖြေ။              ။ နိုင်ငံရေးပုံစံပြောင်းလဲနေတယ်လို့ မြင်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ တွေ့ရဆုံရ စကား စမြည်ပြောခွင့်ရနေတဲ့အပြင် မီဒီယာများကတစ်ဆင့် ကြားသိနေရတော့ တရွှေ့ရွှေ့ ပြောင်းနေတာဟာ ထင်သာ မြင်သာ ရှိလာပါတယ်။ နက်နက်နဲနဲ ဖြစ်တဲ့အထိတော့ ကျွန်မမြင်ခွင့် မရသေးပါဘူး။ ခိုင်မာတဲ့ ပြသာနာကို ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးနိုင်ကြဖို့တော့ နိုင်ငံရေးလောကသားတွေထံက မျှော်လင့်ရမှာဘဲ ။


မေး။              ။ နိုင်ငံရေးလောကက နိုင်ငံရေးလုပ်တဲ့သူ အားကျတာမျိုးရော ရှိပါသလား။ ရှိတယ်ဆိုရင် ဘာကြောင့်လဲဆိုတာ ဆရာမကြီးပြောပြပေးပါ။

ဖြေ။              ။ ဘယ်သူ့ကိုအားကျသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်က ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ရွှေကို လေးစားပါတယ်။ အန်ကယ်ဦးအောင်ရွှေက အဆိုးထက်အကောင်းကို ပိုပြီးမြင်တတ်တဲ့ သဘာဝရှိလို့ ကျွန်မကလေးစားရခြင်း   ဖြစ်ပါတယ်။   နောက်တစ်ဦးကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးချယ်ခံခဲ့ရတဲ့ သမ္မတကြီး ဦးသိန်းစိန်ဖြစ်ပါတယ်။ နှစ်ဦးစလုံးက ကိစ္စအ၀၀ကို ဖြေရှင်းရာမှာ အကောင်းမြင်သဘာဝအရ ညင်သာသိမ်မွေ့ခဲ့ကြလို့ပါဘဲ။ နောက်တစ်ဦးကတော့ အခုလက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကို တာဝန်ယူထားတဲ့ အန်ကယ်လ်အငြိမ်းစားဗိုလ်ချူပ်ကြီး ဦးတင်ဦးနဲ့ အမဒေါက်တာအောင်ဆန်းစုကြည် ဖြစ်ပါတယ်။


မေး။              ။ ဆရာမကြီးအနေနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရင်းနဲ့ နိုင်ငံရေးလိုင်းကို ကူးဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။              ။ ကျွန်မလောလောဆယ်တော့ တနိုင်တပိုင် လူမှုရေးကိုဘဲ လုပ်သွားအုံးမှာ ဖြစ်ပါတယ်။ လူမှုရေးဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းဖြစ်သလို ကြီးမားတဲ့လူမှုရေးတွေ လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံရေး ကို လုပ်သလို ဖြစ်သွားလေ့ရှိပါတယ်။ နိုင်ငံရေးကတော့ ကျွန်မလည်း နိုင်ငံရေးသမားရဲ့ ဇနီးတစ်ဦး ဖြစ်တဲ့ အတွက် နိုင်ငံရေးရဲ့ အားနည်းချက် ၊ အားသာချက်ကို အတွင်းကျကျ သိနေတဲ့သူ ဖြစ်နေတာကြောင့် စိုးရွံ့မိပါတယ်။ ကျွန်မရှမ်းပြည်နယ်ခရီးစဉ်မှာ တွေ့ကြုံရတာတော့ တိုင်းရင်းသားတွေက လွှတ်တော်နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ကွဲပြားတဲ့အမြင်တွေ ရှိနေကြသေးတာကို တွေ့ခဲ့ရတော့ ကျွန်မတို့ရဲ့ တောင်တက်လမ်းဟာ ကြမ်းတမ်းအုံးမယ်လို့ ထင်စရာရှိပါတယ်။ နိုင်ငံရေးလောကသားတွေအထဲမှာ ကျွန်မကျင်လည်နိုင်တဲ့ အခြေ အနေကိုရောက်ဖို့ဆိုတာကလည်း ကျွန်မကိုယ်ကျွန်မ အတော်လေး ကြိုးစားပြီး လေ့လာသင်ယူရဦးမှာဖြစ်ပါတယ်။


မေး။              ။ ဆရာမကြီးအငြိမ်းစားမယူခင်ကတည်းက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ဗဟုသုတ တွေကို စာရေးပြီးဖော်ပြနေတာ ယနေ့အထိပေါ့နော် အခု နိုင်ငံရေးကို စိတ်ဝင်စားလာပြီဆိုတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေကို စာဆက်လက်ရေးသားဖို့ ဘယ်လို အစီအစဉ်ရှိပါသလဲ။

ဖြေ။              ။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးကို စိတ်ဝင်စားတော့ ဒါဟာလည်း နိုင်ငံရေးပါပဲ နိုင်ငံရေး ပါတီကို ၀င်ပြီးမှ   နိုင်ငံရေးလုပ်တာ  မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်စာပေတွေကို အများ ပြည်သူသိရှိဖို့ ကြိုးစားပမ်းစားနဲ့ ရေးသား ထုတ်ဝေခြင်းက ကျွန်မအနေနဲ့ အမျိုးသားနိုင်ငံရေးလုပ်ခြင်းပါပဲ။ ကျွန်မဆိုရင် ၂၀၀၁ခုနှစ်က ဒီရေတောများတွင် ပုဇွန် ၊ ကဏန်းမွေးလိုလျှင်၊ ၂၀၀၉ခုနှစ်မှာ New Light of Myanmar သတင်းစာပါ ဆောင်းပါးများကိုစုပေါင်းပြီး ထွန်းဝေအောင် စာအုပ်တိုက်ကထွက်တဲ့ The Selected Articles on Life Science and Biotechnology   ဆောင်းပါးပေါင်းချုပ်၊၂၀၁၁ခုနှစ် အောက်တိုဘာလက ကျွန်မ ချစ်သောမြစ်တစ်စင်းနှင့် သဘာဝပတ်ဝန်းကျင်   ဆောင်းပါးများ၊  ၂၀၁၂ခုနှစ် ဇွန်လမှာ မိုးပြိုရင် ဘယ်ခေါင်းမှ မလွတ်ဘူးဆိုတဲ့ သဘာဝပတ်ဝန်းကျင်စာအုပ်ကို ထုတ်ဝေခဲ့သလို ၊ ၂၀၁၃မှာ ပေးဆပ်သူသာ အလေးအမြတ် ပြုခံရသည်ဆိုတဲ့ စာအုပ်နဲ့ ၂၀၁၄မှာ ပါရမီဖြည့်ဘက် ဇနီးမယားဆိုတဲ့ နိုင်ငံရေးစာအုပ်တွေကို ဆက်လက် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အဲ့တော့ ကျွန်မကျင်လည်တဲ့ ပတ်ဝန်းကျင် ၊ကျွန်မကြုံတွေ့ရတဲ့ ဘ၀သင်ခန်းစာ တွေကို ပြည်သူတွေကို မျှဝေခံစားရင်းနဲ့ နိုင်ငံ့အရေးကို   ဆောင်ရွက်ပေးသွားမယ်လို့   မျှော်လင့်ထားပါတယ်။



မေး။              ။ ဆရာမကြီးအနေနဲ့ မျိုးဆက်သစ်လူငယ်တွေရော ၊ နိုင်ငံရေးလုပ်ရမှာကို ကြောက်ရွံ့နေတဲ့ သူတွေကိုရောပေါ့ နိုင်ငံရေးမှာ ပါဝင်လာဖို့ ဘယ်လိုအကြံဥာဏ် ပေးချင်ပါသလဲ။

ဖြေ။              ။ လူမှုရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ကိုယ့်နိုင်ငံအတွက် ကိုယ်ရောက်ရာအရပ်ကနေ ကိုယ့်မှာ ရှိသမျှနဲ့ ကိုယ်တတ်နိုင်တာလေးကို လုပ်ပေးကြပါ Do what u can with what you haveလို့ တိုက်တွန်းပြောကြား လိုပါတယ်။


(ဆရာမကြီးဒေါက်တာစိန်စိန်သိန်းကို ကျေးဇူးအထူးတင်ရှိပါတယ်)

ဝင့်သင်ဇာကျော် (မြစ်မခ)



0 comments:

Post a Comment