7 July ငါတို့မမေ့နိုင် |
တော်လှန်ရေးကောင်စီ ဖွဲ.စည်ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက်စာတိုကလေးများကို သတင်း စာတိုက်များတွင်ဖော်ပြပါရှိခဲ့လေသည်။ဆန္ဒပြလျှင်အရေးယူမည်ဟု လည်းနောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများပေါ်ပေါက် လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ.ကြသည်မှာ သိသာထင်ရှားသည်။
အိမ်စောင့်အစိုးရခေတ်တွင် ကိုကိုးကျွန်းအကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိကရေစီ ၀ါဒီများနှင့် ကွန်မြူနစ်ဟု ယူဆသူများအား ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခမ်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလိုမရှိကြောင်း၊ ကန့်ကွက်စာတမ်းများသည် မတ်လ ၂ ရက်နေ့မှ စတင်၍ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦး နှင့် မဟာမိတ် အဖွဲ.၊ ရခိုင်သံဃတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ.ချုပ် စသောအဖွဲ.အများက ဆန့်ကျင်ကန့်ကွက်စာများ ထုတ်ပြန်ကြသဖြင့် အစိုးရ သစ်၏ ပြည်ထဲရေး ၀န်ကြီးဌာနအဖို့ ပထမလုပ်ငန်းအဖြစ် ဆန့်ကျင်စာတမ်းများကို လိုက်လံသိမ်းဆည်း နေရသည်။ လက်ဝဲနိုင်ငံရေးပါတီကြီး ဖြစ်သော ဗမာပြည်အလုပ်သမားပါတီက စစ်တပ်က အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ "လူထုဆန္ဒနည်း မပါပဲစစ်တပ် နည်းသက်သက်ဖြင့် အာဏာသိမ်းနည်းကို ယေဘူယျ အားဖြင့် ပါတီက မနှစ်သက်ကြောင်း" ဟုဆန့်ကျင်ကြောင်း လက်မခံကြောင်းနှင့် ကြေငြာ၏။
ရဲဝံ့ပြတ်သားစွာ ကြေငြာသော အဖွဲ.အစည်းများမှာ ကျောင်းသားအဖွဲ.အစည်းများဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေငြာကြသည်။ ကြောငြာချက်နှင့်အညီ စစ်တပ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် တော်လှန်ရေး အစိုးရနှင့် ထိပ်တိုက်တွေ.ကြရလေသည်။တပြည်လုံးရှိ တက္ကသိုလ် ကျောင်းသားများသည် စစ်အစိုးရ ဆန့်ကျင်ရေး အစည်းအဝေးများကို မတ်လဆန်းကပင် ကျင်းပ၍ ဆန္ဒပြကြသဖြင့် ရန်ကုန် တက္ကသိုလ် အာဏာပိုင်များက ကျောင်းဆောင်များ အတွက် စည်းကမ်းသစ် အမိန့်များကို ထုတ်ပြန်သောအခါ လှုပ်ရှားမှုများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဂျူလိုင် ၃ ရက်နေ့မှ စတင်ကာ "စည်းကမ်းသစ်ကို အလိုမရှိ" ဟုကြွေးကြော်သံများကို အော်ဟစ်သော ရန်ကုန်ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် ပတ်ဝန်းကျင် ဒေသများသို့ လှည့်လည်ဆန္ဒ ပြကြသည်။
ဂျူလိုင် ၅ ရက်နေ့တွင်ကမာရွတ် ရဲဌာနာရှေ.တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့် ပစ်ခတ်လူစုခွဲကြသည်။ ကျောင်းသားတဦးဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှု ပြင်းထန်လာခဲ့တော့၏။ ဂျူလိုင် ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် တခုလုံးမှ တံခါးများကိုသော့ခတ်ပိတ်ဆို့ ပြီး "ဒီမီုကရေစီ ခံတပ်ကြီး" ဟုဆုင်းဘုတ်များ တင်ကာ ဒီမီုကရေစီ တရားပွဲများကို အသံချဲ.စက်နှင့် ဟောပြောကြသည်။
မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုး ဟောပြောနေကြရာ "တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှုးကြီးများသည် ၃ ယောက်ပေါင်း ၇ တန်းသာအောင်သူများဖြစ်ကြသည်" စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြလေသည်။ ထိုအချိန်တွင် တက္ကသိုလ် တ၀ိုက်တွင် တာဝန်ချထားသည့် ရဲအဖွဲ.ကို ရုပ်သိမ်းကာ စစ်သားများကို တပ်စွဲထားလေပြီ၊ စစ်ကားတစင်းတွင် အသံဖမ်းစက် တခုတပ်ဆင်ထားသည်။ ထိုအသံဖမ်းစက်က ကျောင်းသားတို့က အသံချဲ.စက်မှ ဟောပြောသမျှကို ဗိုလ်နေ၀င်း၏ အိမ်တော်သို့ တိုက်ရိုက် အသံလွှင့်ပေးရသည်။ ဂျူလိုင် ၇ ရက်နေ့တွင်မူ ပြင်းထံစွာဟောပြောသော ကျောင်းသားများ၏ ဟောပြောချက်များကို နားမခံနိုင်သဖြင့် ဒေါသ အမျက်ချောင်းချောင်းထွက်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့ အသံလွှင့် စကားဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။
တက္ကသိုလ် တ၀ိုက်တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲသူ ဒုတိယဗိုလ်မူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါပဲ မိမိတို့ အဆောင်တွင်း ၌ ဆန္ဒပြကြသည့် ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေ ကျောင်းသား အများတို့ကိုပါ တွေ.ရာသင်္ချိုင်း ဓားမဆိုင်းပစ်ခတ် သတ်ဖြတ်ကြသည်။ စစ်သားတို့သည် ဂျီ သရီး သေနတ် သစ်များကို ပထမစတင် အသုံးပြုကာ လက်တည့်စမ်း သတ်ဖြတ်ကြသည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်း ကိရိယာများကို ရန်ကုန်တွင် တပ်ဆင်သည်။ ဂျီ သရီး သေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို.သို့ထုတ်ပေးခဲ့ရာ၌ ခုခံမှု မရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသတ်ရန်လက်ယား နေသူ ဗိုလ်နေ၀င်းအဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ကျောင်းသား ၁၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိသည်ဟု အစိုးရက ကြေငြာ၏။ သေစာရင်း အမှန်မှာ ကျောင်းသား ၁၀၀ ကျော်ရှိသည်။
ကျောင်းဝင်းအတွင်းသို့ ပစ်ခတ်သတ်ဖြတ်ပွဲ ပြီးသောအခါ တကသအဆောက်အဦးကို စစ်တပ်က ၀ိုင်းထားပြန်၏။တက္ကသိုလ် သမဂ္ဂ အဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ် ၏ ဂုဏ်ထူးဆောင် အဆောက်အဦးကြီး ဖြစ်သည်သာမက မြန့်မာ့ နိုင်ငံရေး သမိုင်းတွင်နယ်ချဲ.ဆန့်ကျင်ရေး ခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအမှတ်ပြုထားသည့် ဗိမာန်ကြီး ဖြစ်သည်။ ၁၉၂၂ ခုနှစ် တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသား ခေါင်းဆောင်များက နယ်ချဲ.ဆန့်ကျင်ရေးတိုက်ပွဲများ ဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ၁၉၂၇ ခုနှစ်က ဖွဲ.စည်းခဲ့သည်။ သမဂ္ဂအဆောက်အဦ ကို မျိုးချစ်မြန်မာ သဌေး ဦးညိုက တည်ဆောက်လှူဒါန်းသည်။
အဆောက်အဦးကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျမ္မာရေး ကိစ္စများကို အသုံးပြုရန် ဦးတည်သဖြင့် အင်္ဂလိပ် တက္ကသိုလ် အဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံ အဖို့ အန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမ္မဂ ခန်းမဆောင်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့သည်။ ဦးဘဖေ၊ ဒေါက်တာ ဗမော် စသော ခေါင်းဆောင်များသည် တကသ ခန်းမမှ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
နောက်ပိုင်းတကသ အသင်းကို ကျောင်းသား ခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကို သိန်းဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှ စတင်ပြီး နယ်ချဲ. တိုက်ပွဲ စစ်မြေပြင်၏ ခံတပ် အဆောက်အဦးကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နှက်နှင့် တိုက်ခိုက်နှင်ထုတ်မှု အထိအရှိန် အဟုန် ပြင်းထံခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီး အဖြစ် မြန်မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။
ဗိုလ်နေ၀င်း တက္ကသိုလ်ရောက်ရှိချိန်တွင် တကသ လှုပ်ရှားမှုများ ကြီးစွာ ဖြစ်ပေါ်ခဲ့သော်လည်း ကျောင်းသားများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုပဲ ကျောခိုင်းနေခဲ့သည်။ "ပြောကြဟောကြတာတွက လေကုန်သည်၊ သူ့အဖို့လည်ပတ်၊ ဘောလုံးကစားရန်ပင် အချိန်မလောက်၊ သူ့လမ်းနှင့်သူ မှန်မှန် ချီတက်လျှက်ရှိခဲ့ပေသည်" ဟုဒေါက်တာမောင်မောင်ရေးသည့် ဗိုလ်နေ၀င်း အတ္ထုပတ္တိ စာအုပ်ကြီးတွင် သူကပြောခဲ့သည်။
ဤ တကသ အဆောက်အဦကြီးမှ ကိုနု ကိုအောင်ဆန်းတို့ လူငယ်တစု နိုင်ငံက ကိုးစားသော ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို သူက အမြဲ မနာလိုဖြစ်နေခဲ့သည်။ နယ်ချဲ.တော်လှန်ရေး အရေးတော်ပုံကြီး၌ သူမပါခဲ့သောကြောင့်မကျေ မနပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲဝင် တကသ အဆောက်အဦကြီးကို သူ မကြည့်လို။
ထို့ပြင် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင်များ သေဆုံးခြင်း မရှိ၊ အချို.မှာ ဖမ်းဆီး၍ပင် မမိသေးပဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုံးအောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်း သိရှိသောအခါ တကသ ခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန် ရည်ရွယ်ချက်နှင့် တကသ အဆောက်အဦကြီးကိုပါ အပြီးအပြတ်ဖျက်ဆီးရန် အမိန့်ပေးခဲ့ပြန်သည်။သမဂ္ဂရုံးကို ဖြိုပြီးနောက် ဗိုလ်နေ၀င်း ဥက္ကဌ အဖြစ်ဆောင်ရွက်သော တော်လှန်ရေးကောင်စီက "စည်းကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်" ဟုကြေငြာခဲ့၏။ ထိုကြေငြာချက်မှာ စစ်တပ်ကို အံတုကြလျှင် ယခုထက်ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့် သဘော သက်ဝင်၏။
ထိုမျှမကသေး တကသ အဆောက်အဦကို ဖျက်ပြီးနောက် လူထုအား အသံလွှင့် မိန့်ခွန်းပေးရာတွင် သူကသတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေး များသည် လက်နက်ဟူ၍ အပ်တို တချောင်းမှ မရှိကြသည်ကို သူသိပါလျက်နှင့် လက်နက် ကိုသူပုန်အဖွဲ.ကြီးများကို ရင်ဆိုင်နေသည့် သဖွယ် ပုံကြီးချဲ.၍ "ဓားကို ဓားခြင်း၊ လှံကိုလှံခြင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်" ဟုဒေါသဟုန်း ဒေါသသံနှင့် အသံလွှင့်၍ ပြောခဲ့ပြန်သည်။
ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်ကြီး တစုသည် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ်ထားသည့် တကသ အဆောက်အဦကြီး ကို ဗုံးခွဲ ဖျက်ဆီးမှုကြီး တို့ကို ဒေါသမွှန်သဖြင့် စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူတို့၏ စစ်တပ်အဖို့ မတရားကြီးမားသော ရာဇ၀တ်မှုကြီး ဖြစ်နေသည်ကို စဉ်းစားမိကြသည်။ နူးညံ့ သိမ်မွေ.သော လိပ်ပြာကလေးကို အမြောက် နှင့် ပစ်ခတ် သတ်ဖြတ်သကဲ့သို့ ရာဇ၀င်ရိုင်းနေသည်ကို တစိမ့်စိမ့် တွေးတော၍ မြင်တွေ.မိကြသောအခါ တနေ့တွင် လူထုက ဒဏ်ခတ် လေမည်ကို ကြောက်သွေးဖြာလာကြသည်။
မတရားမှုကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြေသောအခါတွင် တရားခံသည် မိမိ မဟုတ်ပါဟု တဦးကို တဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိအပြစ် မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုကြသည်။ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယ ဥက္ကဌ ဗိုလ်မူးချုပ် အောင်ကြီးတို့သည် တဦးကိုတဦး တရာခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်။ ဗမာ့ တပ်မတော်ကြီး၏ ထိပ်သီးကြီးများသည် သာမာန် သူခိုး လူဆိုးအဖွဲ. ကလေးမျှပင် ညီညွတ်မှု မရှိ၊ အမှားကို ၀န်ခံရန် သတ္တိတစက်မှ မရှိသူရဲဘောကြောင်သူများ ဖြစ်ကြောင်းပေါ်လွင်လာတော့သည်။
ထိုစဉ်က ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အောင်ကြီးက "တကယ် အမိန့်ပေးတဲ့စာယူလာပြီး မရမ်းကုန်းကို ပေးလာသူ ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေ ဂျီအီးဖိုး အင်ဂျင်နီယာ တပ်ခွဲကိုမှာယူ၊ အဲဒီမှာ မလုံလောက်လို့ စီအဒီ ပင်မစစ် ပစ္စည်းသိုလှောင် ရေးသွားယူခိုင်းသူဟာ ဗိုလ်ကျော်စီုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေဟာ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ တပ်က အင်ဂျင်နီယာ တပ် ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ နံနက်လင်းအားကြီးမှ ဖြစ်ပါတယ်၊ လက်မှတ်ထိုးမည့် အရာရှိကြီးကြီးမားမား မရှိလို့ဒုက္ခရောက်နေတုန်း လမ်းလျှောက်ရင်း ရောက်လာတဲ့ ဗိုလ်မှူးကြီး မင်းသိန်းဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲတဲ့အမိန့် လက်မှတ်ထိုးပေးဖို့၊ ဗိုလ်ထွန်းရီ က ပြောလို့ ၊ သူကလက်မှတ်ဝင်ထိုးပြီးဒိုင်းနမိုက် ခွဲတာဖြစ်ပါတယ် တရားခံ ဖြစ်ရှာတဲ့ ဗိုလ်အောင်ကြီး ဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နှင့် ဗိုလ်ချုပ် အိမ်လိုက်အသွား ပါမောက္ခချုပ် ဆရာကြီး ဦးကာ ကို ဗိုလ်လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး၊ ဗိုလ်ကျော်စိုး ရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊အဲ့ဒီကိစ္စကိုရပ်ထားပေးပါ၊ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါမယ် ဆိုပြီး၊ ဟိုရောက်တော့လဲ ဘာမှ မပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူ ဖြစ်ပါတယ် " ဟုသူ၏ စာတမ်းတွင် ဝေ့လည်ကြောင်ပတ် ရေးသားကာ ဖြေရှင်းသည်။
ဗိုလ်နေ၀င်းက တဖန် အကြီမ်ကြိမ်ဖြေရှင်းသည်။ သူ၏ နောက်ဆုံးနေ့ လူထုကလက်မခံတော့ သဖြင့် မဆလ ဥက္ကဌကြီး ရာထူးမှ ထွက်ပေးရသောနေ့တွင် ပင် လူစုလူဝေးရှေ.မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံး အကြိမ်ဖြစ်နိုင်တာမို့ ကျောင်းသားများက ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီတဖွဲ.လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခု တင်ပြပါရစေ ဟု ပါတီညီလာခံမှ ထပ်မံ ရှင်းပြန်၏။ တက္ကသိုလ် သမဂ္ဂအဆောက်အဦး ကို ၁၉၆၂ ခုနှစ် ဂျု လိုင် ၈ ရက်နေ့နံနက်တွင် ဖေါက်ခွဲ ဖျက်ဆီးခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။ ပထမ ဂျူလိုင်လ ၇ ရက်နေ့ညနေ ကျွန်တော် ဆောင်ရွက်ခဲ့သည့် အပိုင်းကို ဖေါ်ပြမှ ပြည့်စုံမည် ဖြစ်၍ ဖေါ်ပြပါမည်။
ထိုနေ့ ညနေ ၅ နာရီခန့်တွင် သေနတ်ပစ်သံ ကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေ မေးရာ ဆရာကြီး ဦးကာတို့မိသားစုအား ဘေးကင်းသည့် နေရာသို့ ပိုထားပြီဖြစ်ကြောင်းပြောပါသည်။ ဆူပူသူ ကျောင်းသား ခေါင်းဆောင်များကို ဖမ်းမိပြီလားဟု မေးရာ မမိသေးကြောင်း သမဂ္ဂ အဆောက်အဦးတွင်း အချို.ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါအတိုင်း ညွန်ကြားပါသည်။
(က) သမဂ္ဂ အဆောက်အဦး အတွင်းရှိ သူများကို အဆောက်အဦးတွင်းမှ ထွက်ကာ အဖမ်းခံရန် အသံချဲ.စက်ဖြင့် ပြောရန်၊ ထွက် မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့် အချက်ထဲ့ပြောရန်
(ခ)အသာတကြည် ထွက်၍ အဖမ်းမခံပါ ရီကွိုင် လက် ဂန်းဖြင့် ပစ်ဖမ်းရန် လိုအပ်ပါက ရီကွိုင်လက် ဂန်းသုံးရန် ၊ အထက်ပါအချက်တို့ကို မမှောင်ခင် ပြီးအောင် ဆောင် ရွက်ရန်။
ဒီနေရာမှာ အရေးကြီးတာ ကျွန်တော်ပြောပါမယ်။ ဖေါက်ခွဲ ဖျက်ဆီးရန် အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော် နှင့် တကွ တော်လှန်ရေးကောင်စီဝင် အချို.တို့ မပါခဲ့ပါ။ ဂျူလိုင်လ ၈ ရက်နေ့နံက်တွက် ဗုံးကြီးကြီး တလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟီးသံကြီး ကြားရသဖြင့် စုံစမ်းတော့မှ သမဂ္ဂ အဆောက်အဦး ကို (ဒိုင်းနမိုင်း) တို့နှင့် ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါသည်။ အခြားတော်လှန်ရေးကောင်စီဝင် အတော်များများ လည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါသည်။
သို့သော် အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီ အချို.တို့ဖြင့် ဖွဲ.စည်းထားသော လုံခြုံရေးကောင်စီအားလုံးနှင့် လုံခြုံရေးတာဝန် ယူရသော လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီး ကျော်စိုး ၊ ဗိုလ်မှူးကြီး လှဟန် ၊ ဗိုလ်မှူးကြီးစောမြင့် ၊ ဗိုလ်မှူးကြီး ဘနီ၊ ထောက်လှမ်းရေး ဗိုလ်မှူးကြီးမောင်လွင် ရမင်းကြီး ဦးဘအေးတို့ ရောက်နေကြပါသည်။ ထို ဂျူလိုင်လ ၈ ရက်နေ့ သမဂ္ဂအဆောက်အဦး ကို ဖြိုလိုက်ကြောင်း သိပြီး နောက် ဗိုလ်ကျော်စိုး ကို ခေါ်၍မေးရာ ၇ ရက်နေ့ညနေက ကျွန်တော်က သမဂ္ဂအတွင်း ၀င်ရောက်နေသည့်ဆူပူသူ ခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် ရီကွိုင်းလက်ဂန်းကိုသုံနိုင်သည်ဆိုသည့် အချက်ကို သမဂ္ဂအဆောက်အဦကို ဖျက်ခိုင်းသည် ယူဆသဖြင့် ဖျက်လိုက်သည် ဟုဖြေပါသည်။
ဒီလိုဆိုရင်လည်း ဓား ဓားချင်း ၊ လှံလှံ ချင်းဆိုသည့် စကားလုံးများ ပါသည့် ကြေငြာချက်ကို အသံလွှင့်လိုက်ပါသည်။
နောက်သုံးလေး လကြာပြီးနောက် ကျွန်တော် အရက်မူးမူးနှင့် သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ အမိန့်ပေးသည်ဟု နိုင်ငံခြားသတင်းစာ ဆရာတို့ အသိုင်းအ၀ိုင်း ပြောဆိုနေသည်ကို ကြားရ၍ ဗိုလ်ကျော်စိုးကို ကျွန်တော် အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ် လို့ ကျွန်တော် တယောက်ထဲကို တရားခံ လုပ်ထားတယ်။ အဲ့ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့က အဖြစ်အပျက်ကို ပြောပြခိုင်းပါသည်။ အဲ့ဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက် အမှန်ကို ပြောပြပါတော့သည်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲကြတာတွေ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါသည်။
အဖြစ်အပျက် အမှန်မှာ ထို ၇ ရက်နေ့က အသံလွှင့် ရုံရှိလူစုထဲမှ တဦးတယောက်က ဖျက်ပစ်လျှင် ကောင်းမည်ဟု ပြောရာမှ ဖျက်သင့် မဖျက်သင့်ကို ဆွေးနွေးကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ် ကို အသိပေးပြီး ဗိုလ်ချုပ်သဘောတူ လျှင် ဖျက်မည်ဟု ဆုံးဖြတ်ကြပါသည်။
ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီး တင်ပြမည်၊ သဘောတူ မတူ အဖြေကို သူယူခဲ့မည်ပြောပြီး ကိုလှဟန်ကို ခေါ်၍ကားနှင့် ထွက်သွားပါသည်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး ဗိုလ်ချုပ်က သဘောတူလိုက်ပြီဟု ပြောသဖြင့် အသံလွင့် ရုံရှိလူသိုက်တို့ သမဂ္ဂအဆောက်အဦး ကို ဖျက်ဖို့ ပစ္စည်းများ စုပြီး ဖျက်ပစ်လိုက်ပါသည်။
ထိုအဖြေကို ရပြီးနောက် ဗိုလ်အောင်ကြီးမပါပဲ ကျန်တော်လှန်ရေး ကောင်စီဝင်များကို ခေါ်၍ ဗိုလ်အောင်ကြီး ကျွန်တော်ကို မတင်ပြပဲနှင့် ကျွန်တော်၏ သဘောကို မမေးပဲနှင့် အသံလွှင့်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူ လိုက်သည်ဟု
ပြောသည့် အကြောင်းတင်ပြခဲ့ပါသည်။............ဟု ဗိုလ်နေ၀င်းက တိုင်းပြည်သို့ ရှင်းပြသည်။
ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေ လင်္ကာ စာတန်းကြီးမှာ ကာရန်မပါ စာသားမချောပါ။ အဖြစ်မှန်ကို ကိုယ်တွေ.မျက်မြင် သိရှိခဲ့သော သတင်းထောက်များ အဖို့ စာရှည်ကြီးကို လုံးစေ့ပတ်စေ့ ဖတ်ပြီး ဗိုလ်နေ၀င်း ၊ ဗိုလ်အောင်ကြီးနှင့် တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်ကြီးများသည် လမ်းကြိုလမ်းကြားမှ ခါးပိုက်နှိုက် အဖွဲ.၏ အဆင့်ပင်မရှိ။ အရေးကြုံက မိမိကိုယ် လွတ်ရုံးကာ လွယ်ကူစွာ လုပ်ဖေါ်ကိုင်ဖက် ကို တရားခံဟု လက်ညှိုးထိုး၍ ဖေါ်ကောင် လုပ်ကြသည်ကို သိသာထင်ရှားစွာ မြင်တွေ.ကြရပေသည်။
ဂျူလိုင် ၇ ရက်သွေးချောင်းဆီး လူသတ်ပွဲကြီးနှင့် ပတ်သက်၍
(က) ဗိုလ်နေ၀င်းက စောစောက မသိ သေနတ်သံကြားမှ သိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသားဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့ အသံလွှင့်ခွက်နှင့် လွှင့်ကြားပေးသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်မိန့်ထုတ်သည်မှာ ဗိုလ်နေ၀င်း ကိုယ်တိုင်ဖြစ်သည်။
(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင်က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလ ပါတီပျက်သောအခါတွင် ဖြေရှင်းဖေါ်ထုတ်ခဲ့သည်။
(ဂ) ကျောင်းသားများ လက်ချက်နှင့် ရဲ ၇ ဦး ၈ ဦး ဒဏ်ရာရရှိသည် ဟု ဗိုလ်နေ၀င်းက ပြောသည်မှာ လည်း လိမ်ညာသော မုသားဖြစ်သည်။ အဆောင်ဝင်း တံခါး မှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပ ရှိ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ် ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ၊ ကျောင်းသားတို့က ရဲတို့အား ရန်ပြုရန် မဖြစ်နိုင်
(ဃ) တကသ အဆောက်အဦး မျက်နှာကြက်တွင် ကျောင်းသား ခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေ အမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်အောင်ကြီးလည်း တာဝန်ရှိသည်။
(င) တကသ ကို ဖျက်ဆီးပြီး နောက်တနေ့ နံနက် ဘာကြောင့် ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေငြာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမည့် တာဝန်သည် မိမိတို့ အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစိတ် တဒေသကို သုံး၍ ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်။ ဟု သတင်းစာတို့မှ ထုတ်ပြန် ခဲ့ပါလျှက် တော်လှန်ရေးကောင်စီ ဥက္ကဌ က မိမိ မသိပါ၊ မိမိ ပါဝင်ခြင်း မရှိပါဟု ပြောသည်မှာလည်း မဟုတ်မမှန်သော မုသားဟု ထင်ရှားသည်။
(စ) ယခုဖြစ်ပျက်သည့် ကိစ္စသည် ကျောင်းသား ကိစ္စတခုတည်းမဟုတ်ပဲ နိုင်ငံရေး အမှောင့် ပရောဂ ဖမ်းစားတယ်ဆိုတာ ကျွန်တော်တို့ ရိပ်စားမိပါတယ်" ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင် အသံလွှင့်ချက်၌ ကျောင်းသားတို့နောက်မှ ဗကပ တို့ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ဖြစ်သည်၊ ထိုအချိန်က ဗိုလ်နေ၀င်းက မြို.ပေါ်ရှိလက်နက်ချ ဗကပ များကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပ များ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့ လှုပ်ရှားမှုသည် ပြင်ပ ပယောမပါသည်ကို သိပါလျှက် သတ်ဖြတ်မှုကြီး နှင့် ဖျက်ဆီးမှုကြီးကို လူထုက လက်ခံအောင် လီဆယ်ပြောဆိုချက်သာ ဖြစ်သည်။
(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက် "ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ်ဘာမှ မပြောတော့ပါဘူး အနည်းဆုံး ဓားကို ဓားချင်း လှံကို လှံချင်း ဆိုင်ဘို့သာ ရှိပါတော့တယ်" ဟုပြောသည်မှာ ဒေါသသံနှင့် တုံရီနေသည်ကို ကြားရသူ လူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနှစ်က စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်သည်။ မိုးပေါ်ထောင်ပြီး ဖေါက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့ ဟု ပြောခဲ့သော မိန့်ခွန်းမှာ အသံ တမျိုးတည်း ရှိသည်ကို လူထုက သတိရကြသည်။
(ည)ထိုစဉ်က လက်တွေ.သတ်ဖြတ် ရုံမျှမက နှုတ်မှ လည်း စစ်ကြေငြာခဲ့ပါလျှက် နောက်ပိုင်းမှ သူသတ်သည် ငါသတ်သည် သူဖျက်သည် ငါဖျက်သည် ဟု တဦးကို တဦးက လက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေကာမူ ခေါင်းရှောင်ကြစေကာမူ ဗိုလ်နေ၀င်းသည် အဓိက တရားခံ ဖြစ်သည်ကို လူထုကမေ့မရနိုင်ပေ။
ဤအချက်များကို ထောက်ရှု.၍ တပ်မတော်ကြီးကို ဦးစီးကြသော ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများသည် ဘိန်းစားခါးပိုက်နှိက် အဖွဲ.၀င်တို့မျှပင် သတ္တိမရှိ လွန်စွာ သူရဲဘော ကြောင်ကြသည် ကို သိသာထင်ရှားစွာ မြင်သိနိုင်ကြပေသည်။ ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်တစုသည် အင်္ဂလိပ် နယ်ချဲ.ကို တိုက်ခဲ့သော ကျောင်းသား နိုင်ငံရေး လှုပ်ရှားမျှုများတွင် သူတို့ပါဝင်ခဲ့ခြင်း မရှိ သဖြင့် ကျောင်းသားများ၏ လွတ်လပ်ရေးတိုက်ပွဲ ကဏ္ဍကို သမိုင်းမှ ဖျောက်လိုကြသည်။ သမဂ္ဂ အဆောက်အဦကို အယူသီး ဘာသာခြားတဦး အခြားဘာသာ အဆောက်အဦးကို မမြင်လိုကြသကဲ့သို့ ဖျက်ဆီးခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်များ သမဂ္ဂ၌ ပုန်းနေကြသည်ဟု သတင်းရ သဖြင့် သတ်ဖြတ်ရန် သွေးဆာနေသောကြောင့် ဖျက်ဆီးကြသည်။
နိုင်ငံ တည်စမှ စတင်ပြီး တပ်မတော်သည် သူတို့ကဲ့သို့ သူရဲဘောကြောင်ပြီး ဗိုလ်နေ၀င်းနှယ် လောဘရမက် လွန်ကဲသူတို့၏ လက်တွင်းသို့ ကျရောက်ရသည်မှာ နိုင်ငံ၏ ကံကြမ္မာ သာဖြစ်ချေတော့၏။ဗိုလ်နေ၀င်းသည် လူသတ်ပွဲကြီး အပီးတွင် ခေါင်းရှုတ်သဖြင့် အပန်းဖြေဦးမည်ဟုဆိုကာ ဥရောပသို့ ဂျူလိုင် ၉ ရက်နေ့က အပန်းဖြေ ခရီးထွက်သောအခါ ဗိုလ်အောင်ကြီးအား တိုင်းပြည်ကို အပ်၍ မင်းပဲကြည့်လုပ်တော့ကွာ ဟု တာဝန်ပေးအပ်ခဲ့သည်။ ဥရောပသွား ဗိုလ်နေ၀င်းည် အမှန်တကယ် အပန်းဖြေသွားသည်ဖြစ်၏။ မြန်မာနိုင်ငံတွင် မြင်းပွဲများ ကျင်းပခြင်းမပြုရ ဟု တော်လှန်ရေးကောင်စီဥက္ကဌ အာဏာဖြင့် သူကိုယ်တိုင် အမိန့်ထုတ်ခဲ့သည်။ သို့သော် ငယ်စဉ်ကပင် လောင်းကစား ၀ါသနာထုံခဲ့သောကြောင့် လောင်းကစားပွဲ မသွားရသဖြင့် ပျင်းရိ ငြီးငွေ.စေသည်။ အပန်းဖြေခရီး ကို အင်္ဂလန်ပြည် လန်ဒန်မြို.သို့သွားကာ မြင်းပြိုင်ပဲ ခွေးပြိုင်ပွဲများသို့ သွားရောက် လောင်းကစားခြင်းဖြင့် အပန်းဖြေခဲ့သည်။ ထိုခရီးပြီး နောက်နှစ်များတွင် တနှစ်လျှင် ငါး ကြီမ်နှုန်းခန့် ဥရောပသို့သွားကာ လောင်းကစားပွဲများ အပန်းဖြေလေ့ရှိခဲ့သည်။
ကျောင်းသားများကို သတ်ဖြတ်၍ သမဂ္ဂကိုဖျက်ဆီးပြီး ဥရောပသို့ အပန်းဖြေ မထွက်မှီကလေးတွင် ဗိုလ်နေ၀င်းက ကျောင်းသားများအား မအေ နှမ ရိုင်းစိုင်းစွာ ဆဲဆိုကာ အမိန့်ပေးခဲ့သေးသည်။ "မအေ x တွေ ၊ ကျောင်းမတက်ကြစေနဲ့ ၊ တက္ကသိုလ်အားလုံး ပိတ်ထား......." ဟု သားသမီးချင်း ကိုယ်ချင်း မစာမနာ အမိန့်ထုတ်ခဲ့သည်။ သူ၏ခေတ် တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုပေါ်တိုင်း တက္ကသိုလ်များကို နှစ်ရှည် လများ ပိတ်ရန် အမိန့် ထုတ်လေ့ ရှိရာ သူ၏ တပည့်စစ်အစိုးရများကလည်း ထိုလမ်းစဉ်ကို ဆက်လက်ကျင့်သုံးကြသဖြင့် စစ်အစိုးရများ ခေတ်၌ ပေါက်ဖွားသည့် မြန်မာ လူငယ်များ အထက်တန်းပညာ မတတ်ကြပဲ လူညွန့်တုံးကြရရှာလေသည်။
ကြေးမုံဦးသောင်း
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
************************************************************************************************************
Ref: ရဲသူရိန်မင်း (Myanmar Journal)
0 comments:
Post a Comment