Pages

Wednesday, June 24, 2015

မြကျွန်းသာဥယျာဉ်အတွင်း ဆောက်လုပ်နေသည့် စီးပွားရေးအဆောက်အအုံ စီမံကိန်းများ ရပ်ဆိုင်းပေးရန် အရေးကြီးအဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခွင့် မရ


RangonNewsDaily:: June . 23 .2015
မြကျွန်းသာဥယျာဉ်အတွင်း ဆောက်လုပ်နေသည့် စီးပွားရေးအဆောက်အအုံ စီမံကိန်းများ ရပ်ဆိုင်းပေးရန် အရေးကြီးအဆိုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က လက်မခံခဲ့ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“အန်တီကိုယ်တိုင် မြကျွန်းသာထဲကို ရောက်တယ်လေ။ တော်တော်ကို ဆိုးတာပဲ။ အန်တီ ဂျပန်က ပြန်ရောက်ခါစက မြကျွန်းသာထဲက သစ်ပင်ကြီးအောက်မှာ နားနားနေနေ နေလို့ရတယ်လေ။ ပြည်သူလူထု အပန်းဖြေရာ နေရာပေါ့လေ။ အခုဟာက စီးပွားရေးဇုန်ကြီးလို အဆင့်မြင့်အဆောက်အအုံတွေ ဆောက်မယ်ဆိုပြီးတော့ နှစ်ထပ်ကြီးတွေ ကာထားတာ။ အဲဒီနေရာက စိမ်းလန်းဧရိယာကို ထိခိုက်တယ်ဆိုတာ ကြည့်တာနဲ့တင် မြင်နေရတယ်။ 
::
ဒါတွေက မဖြစ်သင့်ဘူး။ ဒါပြည်သူပိုင်တဲ့ နေရာ။ ရန်ကုန်မြို့မှာ ပြည်သူတွေ အပန်းဖြေမယ့်နေရာတွေ အရမ်းရှားနေတဲ့ အချိန်မှာ မြကျွန်းသာကို စီးပွားရေး ဧရိယာအဖြစ် သတ်မှတ်ပြီးတော့ အဆင့်မြင့် အဆောက်အအုံတွေ ဆောက်တာက တော်တော်ကို ဆိုးရွားတဲ့ အချက်ပဲလို့ အန်တီတင်တယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
::
“ပြီးတော့ အင်းလျားကန်ရေထဲမှာလည်း သူတို့က ဖောင်ဒေးရှင်းတွေ ချထားတယ်လို့ အချို့က ပြောကြတယ်။ လူတွေ အဲဒီထဲကိုတော့ ၀င်လို့မရဘူး။ ဒါပေမဲ့ လှမ်းပြီးတွေ့တာတော့ ရေအစပ်ကလေးမှာ ဖောင်ဒေးရှင်းတွေချထားတာ ဒါတွေက မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ အဆိုတင်တာပါ” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။
“လွှတ်တော်ဥက္ကဋ္ဌက ပြောတယ်။ ဒါကို ဥပဒေချုပ်က အရေးကြီးအဆိုအဖြစ် မသတ်မှတ်ဘူးတဲ့။ ဒီလိုကိစ္စက မြန်မြန် အရေးကြီးအနေနဲ့ Action ယူရမှာ။ ဒါကြောင့် အရေးကြီးအဆို သွင်းခဲ့တာ” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
::
မြကျွန်းသာဥယျာဉ်တွင် ကုမ္ပဏီရှစ်ခုအား နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းကာ ယင်းကုမ္ပဏီရှစ်ခုက ဥယျာဉ်အတွင်း အပိုင်းလိုက် လုပ်ကိုင်ခွင့် ရရှိထားကြောင်း၊ ယင်းသို့ ဥယျာဉ်အတွင်း စီးပွားဖြစ် အဆောက်အအုံများ ဆောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းမီဒီယာအချို့သို့ ဇွန်လဆန်းက ပြန်လည်ဖြေကြားထားသည်။
သို့ဖြစ်ရာ ယင်းသို့ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်အား The Daily Eleven သတင်းစာက ဇွန် ၉ ရက်တွင် မေးမြန်းခဲ့ရာ “အဲဒီကိစ္စကို နောက်မှ ဖြေပေးမယ်။ လောလောဆယ်မှာ အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှပြောချင်တာ မရှိသေးဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
EMG ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment