Pages

Friday, March 20, 2015

ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်


RangonNewsDaily:: March . 20 .2015
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် အပါအဝင် ဒေသအချို့တွင် မတ်လအတွင်း နေ့အပူချိန်များ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ဆက်လက်မြင့်တက် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

နေ့အပူချိန်များ ဆက်လက်မြင့် တက်လာနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနှစ်ကတော့ အားလျော့နည်းတဲ့ အယ်နီညို ရာသီဥတုတော့ ဖြစ်နေပြီ။ ရန်ကုန်နဲ့ မန္တလေးကတော့ ဒီရက်ပိုင်းမှာ နေ့အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ လောက်အထိ ရောက်နိုင်တယ်။ မတ်လ ၂၂ ရက်နေ့ဆိုရင် နေလမ်းကြောင်း ပြောင်းလဲမှုကြောင့် နေ့အပူချိန်တွေ ပိုပြီးမြင့်လာနိုင်တယ်။ မိုးရွာနိုင်ခြေတော့ မရှိသေးဘူး” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကမူ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ခြေ ရှိပြီး နေ့အပူချိန်များမှာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၃၅ ဒီဂရီ စင်တီဂရိတ်မှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကာ ကျန်ဒေသများတွင်မူ ၃၇ ဒီဂရီ စင်တီဂရိတ်မှ ၄၁ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကြောင်း မတ်လ ၁၈ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ထို့ပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာလည်း ကချင်ပြည်နယ်တွင် အလွန်မြင့်သော အဆင့်သို့ ရောက်ရှိနေပြီး ကျန်ဒေသများတွင်မူ အန္တရာယ်ရှိ လွန်ကဲအဆင့် ရောက်ရှိနေကာ လာမည့် ဧပြီလ အတွင်း၌လည်း ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ဆက်လက်မြင့်မားနိုင်သဖြင့် ကျန်းမာရေးဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် ကာကွယ်မှုများ ဆောင်ရွက်သင့်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။

နေ့အပူချိန်များ မြင့်တက်နေရာတွင် ချောက်မြို့၊ အောင်လံမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၁ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာသည်။

The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment