Pages

Wednesday, January 7, 2015

ကမ္ဘာ့အဆင့်မြင့်ဆုံး Miss Universe 2015 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမယ်စကြ၀ဠာ ပန်ထွာဘုရင်မ သျှားထွဋ်အိန္ဒြာ


RangonNewsDaily:: January . 7 .2015
ကမ္ဘာ့အဆင့်မြင့်ဆုံးအလှမယ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ Miss Universe 2015 ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်နေတဲ့ ဒီပြိုင်ပွဲကြီးကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Miami ကမ်းခြေမှာ ကျင်းပပြုလုပ်နေတာပါ။

နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တဲ့ ဒီပြိုင်ပွဲကြီးဟာ အခုဆိုရင် ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေခြင်းပါ။

Miss Universe ပြိုင်ပွဲဝင် မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာဟာ အမျိုးသားဝတ်စုံပြိုင်ပွဲ၊ ရေးကူးဝတ်စုံပြိုင်ပွဲ၊ ညနေခင်းဝတ်စုံပြိုင်ပွဲတွေနဲ့ အတူ ဒိုင်လူကြီးတွေက မေးမြန်းလာမယ့် ဗဟုသုတဆိုင်ရာ မေးခွန်းတွေကို ဖြေကြားကြရမယ့် ပြိုင်ပွဲတွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ပြိုင်ပွဲဝင် အားလုံးထဲကမှ စကာတင် ၁၆ ယောက်ကို ပြန်လည်ရွေးထုတ်ယှဉ်ပြိုင်စေမှာပါ။ ဒီ ၁၆ ယောက်ထဲမှ ပြိုင်ပွဲဝင် ၁၅ ယောက်ကတော့ ဒိုင်လူကြီးတွေ အကဲဖြတ်အမှတ်ပေးပြီး ရွေးချယ်ခံထားရသူတွေဖြစ်ပြီး နောက်တယောက်ကတော့ Miss Universe ပြိုင်ပွဲကြီးရဲ့ တရားဝင်အွန်လိုင်းမဲပေးစနစ်က မဲအများဆုံး ရရှိလာမယ့် ပြိုင်ပွဲဝင်ပါပဲ။

ဒီမဲပေးစနစ်ကိုလည်း ပြိုင်ပွဲ ကျင်းပခါနီး တပတ် သို့မဟုတ် ၁၀ ရက်လောက်အလိုမှ စတင် မဲပေးခွင့်ရှိ မှာပါ။
မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာတယောက် သူယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတခုဖြစ်တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဝတ်စုံ (National Costume) ပြိုင်ပွဲမှာ ပျုခေတ်က ပန်ထွာ ဘုရင်မရဲ့ အဆောင်အယောင်တွေနဲ့ ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပန်ထွာဘုရင်မရဲ့ ဘယ်လိုအဆောင်အယောင်တွေနဲ့ ဘာကြောင့် ပြိုင်ဖြစ်တာလဲဆိုတော့..
“သူ့ကိုဆင်ထားတာ ပန်ထွာဘုရင်မပုံစံ ဆင်ထားတာပါ။ ပန်ထွာဘုရင်မ လုပ်ဖြစ်တာကလည်း အခု ပျူမြို့ဟောင်းကို ပြန်ပြီးတော့ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းတယ်ဆိုတော့ ဒီဝတ်စုံကနေမှ ပျူလူမျိုး တွေ ပျူခေတ်အကြောင်းလေး မြန်မာပြည်နဲ့ပတ်သက်ပြီး နိုင်ငံတကာကို မက်ဆေ့ခ်ျပေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပန်ထွာဘုရင်မ၀တ်စုံလေးကို ဖန်တီးဖြစ်တာပါ။ 

ဒီဝတ်စုံနဲ့ပတ်သက်လို့ ကိုယ်တတ်နိုင်သလောက် သမိုင်းအထောက်အထား စာအုပ်တွေဖတ်ပြီးတော့မှ အနီးစပ်ဆုံး ဖန်တီးထားတာပါ။ ကိုယ်လည်း ပျူခေတ်ဆိုတာကြီးကို မမီခဲ့ဘူး။ အထောက်အထားဆိုတာကလည်း အရမ်းအတိအကျ အခိုင်အမာကြီးမရှိခဲ့ဘူး။ ကိုယ်လည်း အနီးစပ်ဆုံးတော့ ကြိုးစားပြီး ဖန်တီး ခဲ့ပါတယ်။ ကာလာရွေးချယ်မှုအပိုင်းကတော့ ကျမ အနီရောင်သုံးလိုက်တယ်ဆိုတာက ရဲရင့်တဲ့ ပန်ထွာဘုရင်မကို ပြချင်လို့ အနီရောင်ကို သုံးလိုက်တာပါ။ 

အနီရောင်မှာ ပိုရဲပြီးစိုတဲ့ဘက်ကို သုံးထား တယ်။ နောက် ချပ်ဝတ်တန်ဆာတွေဘာတွေကတော့ ရွှေဘက်ဖောက်တဲ့အရောင်ကို သုံးထားတယ်။ ဘုရင်မဖြစ်တာလည်းပါတယ်။ သူ့ အဆင်တန်ဆာတွေကို ရွှေနဲ့ ကြေးနဲ့ ရောပေးထားတယ်။ ဘာကြောင့်လည်းဆိုတော့ ပျူခေတ်က ကြေးတွေ ခေတ်စားတယ်။ သူတို့ရဲ့ အဆင်တန်ဆာတွေ သုံးတဲ့ ပန်းကန်ခွက်ယောက်တို့ တခြား လက်ကောက် လက်ပတ် ပိုက်ဆံကအစ လေ့လာမိသလောက် ကြေးတွေကို အရမ်းအသုံးပြုတယ်။ 

သူ့အကျီမှာ ထိုးတာတွေကိုလည်း ခေါင်း ဆောင်းတို့ နောက် ခါးက ဒွါဒရာတို့ လက်ပတ်တို့ကိုလည်း အကုန်လုံး ကြေးနဲ့ပဲ ဖန်တီးထားပါတယ်။ ကနုတ်ကိုလည်း ဗမာ ကနုတ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး ဗမာကနုတ်တွေနဲ့ပဲ ခေါင်းတို့ ဘာတို့မှာ အကုန်ပြန်ပြီး ဖန်တီးပေးထားပါတယ်။

နောက် အဆင်တန်ဆာတွေမှာသုံးတဲ့ ကျောက်တွေကလည်း မြန်မာပြည်မှာ ဒီလိုမျိုး မိုးကုတ်တွင်း ထွက် ကျောက်တွေရှိတယ်ဆိုတာကို ပြချင်တော့ ကျမက ကျောက်တွေအကုန်လုံးကို မိုးကုတ်တွင်း ထွက် အစစ်တွေ အသုံးပြုထားတယ်။ လိုအပ်တဲ့ ကျောက်တွေကို organization ကနေ ကျမကို စီစဉ်ပေးပါတယ်။ တွင်းထွက်ကျောက်အစုံ အလုံး ၆၀ ကျော်သုံးထားပါတယ်။” လို့ ဒီဝတ်စုံကို ဖန်တီး ပေးထားတဲ့ ဒီဇိုင်နာ မပုံ့ (My Favourite) က ဧရာဝတီဘလော့ဂ်ကိုပြောပါတယ်။

Miss Universe 2015 ပြိုင်ပွဲကြီးဟာ (၆၃) ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံပေါင်း ၈၉ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာပါ။

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily


 Miss Myanmar Universe အလှမယ် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံများ - Miss Myanmar Universe offilcial facebook)
  Miss Myanmar Universe အလှမယ် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံများ - Miss Myanmar Universe offilcial facebook)
 Miss Myanmar Universe အလှမယ် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံများ - Miss Myanmar Universe offilcial facebook)

0 comments:

Post a Comment