Pages

Thursday, September 4, 2014

E-Visa စနစ် ခွင့်ပြုသော နိုင်ငံများတွင် မြောက်ကိုရီးယားနိုင်ငံ ပါဝင်၊ နယ်သာလန်နိုင်ငံ ကိုပါ ထပ်မံခွင့်ပြု

RangonNewsDaily:: September . 4 .2014
မြန်မာနိုင်ငံတွင် E-Visa စနစ် ခွင့်ပြုသော နိုင်ငံ (၄၁) နိုင်ငံထဲတွင် မြောက်ကို ရီးယားနိုင်ငံ ပါဝင်ပြီး E-Visa စနစ် ခွင့်ပြုသော စက်တင်ဘာလ (၁) ရက်နေ့တွင် နယ်သာလန်နိုင်ငံ ကိုပါ ထပ်မံ ခွင့်ပြုခဲ့သည်။ နယ်သာလန် နိုင်ငံအား ခွင့်ပြု လိုက်ခြင်းသည် ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ တစ်ဦးက EU နိုင်ငံများကိုပါ ခွင့်ပြုသင့်ကြောင်း အကြံပေးရာမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား ပါတယ် ဆိုတာက ကျွန်တော်တို့ နိုင်ငံထဲမှာ သံရုံးဖွင့်ထားတဲ့ နိုင်ငံဖြစ်တဲ့ အတွက်ပါ၊ ဘာအကြံအစည်မှ မရှိပါဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောသည်။ 

ထိုကဲ့သို့ အွန်လိုင်းမှ တစ်ဆင့် E-Visa လျှောက်ထား ခွင့်ပြုခြင်းဖြင့် လျှောက်ထားသူများ အချိန်ကုန် သက်သာမည် ဖြစ်ကာ မြန်မာနိုင်ငံသို့ ခရီးသွားများ ပိုမိုရောက်ရှိ လာမည် ဖြစ်ကြောင်း၊ E-Visa လုပ်ငန်းစဉ် အတွက် အမေရိကန်ဒေါ်လာ (၁၇)သန်း ထပ်မံ ရင်းနှီးမည် ဖြစ်ကာ IT နှင့် ပတ်သက်သော ပစ္စည်းများကို ၀ယ်ယူ အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း ဦးခင်ရီ ကဆိုသည်။ 
::
E-Visa ခွင့်ပြုသည့် စုစုပေါင်း (၄၂) နိုင်ငံကို ရန်ကုန်လေဆိပ်မှ ၀င်ရောက် ခွင့်ပြုမည်ဖြစ်ပြီး မကြာမီ မန္တလေးမြို့နှင့် တခြားမြို့များကို ဆက်လက် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်းလည်း လ.၀.က မှသိရသည်။

EU နိုင်ငံတွေ ကိုပါ ခွင့်ပြုပေးရင် သိပ်ကောင်းမှာပါ၊ EU ကျတော့ နိုင်ငံပေါင်း (၂၈) နိုင်ငံပါတယ်။ စီးပွားရေးအင်အားလည်း ကောင်းတယ်။ အဲဒီတော့ နိုင်ငံတစ်နိုင်ငံ ချင်းကို E-Visa ကိုပေး တာထက် EU နိုင်ငံ အားလုံးကို တိုက်ရိုက်လုပ်ပြီး ပေးလိုက်ရင် တိုးရစ်တွေ ပိုလာမယ်။ 
::
EUနိုင်ငံထဲက တချို့နိုင်ငံတွေဟာ ခရီးသွားတဲ့ လူအများအပြားရှိတယ် ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ် အမှုဆောင် ဦးလှအေးက The Messenger Media သို့ပြောသည်။ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် နိုင်ငံတကာမှ ဗီဇာဖြင့် ၀င်ရောက်နေသူ (၂၀၀၀) ခန့်ရှိပြီး၊ နိုင်ငံ၏ ခရီးသွား ၀င်ရောက်မှု ရည်မှန်းချက်မှာ ၂၀၁၄ ခုနှစ်တွင် သုံးသန်း၊ ၂၀၁၅ ခုနှစ်တွင် ငါးသန်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ E-Visa ဖြင့် ၀င်ရောက် ခွင့်ပြုသူများကို မြန်မာနိုင်ငံတွင် နေထိုင်ခွင့် (၂၈) ရက်သာ ခွင့်ပြုမည် ဖြစ်ပြီး၊ ပြည်တွင်း၌ ဗီဇာ ဆက်လက် လျှောက်ထားခွင့် မရှိကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။ထို့အပြင် ၂၀၁၅ ခုနှစ်တွင် E-Visa ဖြင့် အာဆီယံ နိုင်ငံများ အားလုံးကို ၀င်ရောက် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ထိုကဲ့သို့ လျှောက်ထားရာ တွင် လျှောက်ထားချိန်တွင် ဒေါ်လာ (၂၀) ပေးသွင်းရမည် ဖြစ်ပြီး လျှောက်လွာခ မှာ ငါးဒေါ်လာဖြစ်ကြောင်း သိရသည်။
::
ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်မှုခွင့် ပြုသည့်နေမှ စတင်ကာ နှစ်နှစ်ကျော် ကာလတွင် ၀င်ရောက်သူ (၁၄၀၀၀၀) ရှိပြီး ယခင်နှစ်များထက် ငါးဆခန့် မြင့်တက်လာကြောင်း လ.၀.က မှသိရသည်။ မြန်မာနိုင်ငံတွင် ပြည်ဝင်ဗီဇာ ခြောက်မျိုးရှိပြီး ၎င်းတို့မှာ ကမ္ဘာလှည့် ဗီဇာ၊ လုပ်ငန်း ဗီဇာ၊ ပြည်ဝင် ဗီဇာ၊ ဖြတ်သန်း ဗီဇာ၊ သံတမန် ဗီဇာ၊ အကြိမ်ကြိမ် ၀င်ရောက် ခွင့်ပြု ဗီဇာဟူ၍ ရှိရာ ယခုအခါ တိုးရစ်ဗီဇာကို E-Visa အဖြစ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
::
မြန်မာ နိုင်ငံတွင် လေကြောင်းလိုင်း (၂၈) လိုင်းရှိပြီး နေ့စဉ် ခရီးသွား (၅၀၀၀) ၀င်ရောက်လျက် ရှိရာ (၃၅၀၀)သည် ကမ္ဘာလှည့် ခရီးသွားများ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

Messenger ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment