Pages

Wednesday, August 13, 2014

မန္တလေး ပဲဈေးကွက် ကျပ်သိန်း နှစ်သောင်းကျော် လိမ်လည်မှု သုံးရက်အတွင်း မဖြေရှင်းပေးပါက အမှုဖွင့်မည်


RangonNewsDaily:: August . 13 .2014
မန္တလေးမြို့တော်တွင် ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ခန့် ပဲဈေးကွက် လိမ်လည်မှုတွင် အဆိုပါ လိမ်လည်သွားသူ၏ အစ်ကိုဖြစ်သူက ဖြေရှင်းပေးမည်ဟု ဆိုသော်လည်း ၁၀ ရက် ကြာသည်အထိ ဖြေရှင်းပေးခြင်း မရှိသေးသည့်အတွက် လာမည့် သုံးရက်အတွင်း လာရောက် ဖြေရှင်းပေးခြင်း မရှိပါက အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေး ကုန်စည်ဒိုင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်သွင်က ပြောကြားသည်။

ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ၏ အစ်ကိုတော်စပ်သူက ထွက်ပြေးသွားသူဟုဆိုသူ လက်ရှိ ပိုင်ဆိုင်မှုများထဲမှ ရာခိုင်နှုန်းဖြင့် နစ်နာသူများကို လျော်ကြေး ပေးအပ်သွားမည် ဖြစ်သဖြင့် ၎င်းညီရရန် ပေးရန်ရှိ စာရင်းများကို သိလိုကြောင်း ကုန်စည်ဒိုင်သို့ အကြောင်းကြားသဖြင့် နစ်နာသူများက အထောက်အထား အပြည့်အစုံဖြင့် တင်ပြထားသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းပေးခြင်း မရှိသဖြင့် နစ်နာသူများနှင့် ကုန်စည်ဒိုင် တာဝန်ရှိသူများ ညှိနှိုင်းကာ အမှုဖွင့်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“သုံးရက်လောက်တော့ စောင့်ကြည့်ဦးမယ်၊ သူ့အစ်ကိုကတော့ ဖြေရှင်းပေးမယ် ပြောပေမယ့် ခုထိ ဘာမှရေရေရာရာ မသိရသေးတော့ အသင်းသားတွေနဲ့ တိုင်ပင်ပြီး အမှုဖွင့်ရင် လိုအပ်တာတွေ ကူညီပေးမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပဲကုန်သည် ဦးကျော်ဇောကို မိသားစုတစ်စုလုံးကို စိတ်ထိခိုက်စေရန်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုလုပ်ပြီး မိမိသဘောဆန္ဒအလျောက် နေအိမ်မှ ဆင်းသွားသဖြင့် သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ၎င်းနှင့်ပတ်သက်သည့် ကိစ္စအဝဝကို လုံးဝတာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း မိခင်ဖြစ်သူက သြဂုတ်လ ၁၁ ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် ကြေညာထားသည်။

“ကျွန်တော်က ပဲအရောင်းအဝယ်အတွက် ငွေချေပြီးသွားပြီ၊ သူ့ဂိုဒေါင်က ပိတ်ထားလို့သာ၊ ဂိုဒေါင်ဖွင့်ရင် ပစ္စည်းယူရုံပဲ၊ သုံးရက်လောက်နေမှ ဖြေရှင်းမပေးဘူးဆိုရင် အမှုဖွင့်ဖို့ စီစဉ်မှာပါ၊ သူ့မိသားစုကလည်း ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ သတင်းစာမှာ ကြေညာထားတယ်” ဟု ကျပ်သိန်း ၆၀ ကျော် လိမ်လည်ခံရသူ ကုန်စည်ဒိုင်အခြေစိုက် ပဲကုန်သည်တစ်ဦးက ဆိုသည်။

ဦးကျော်ဇောသည် မန္တလေးမြို့ ဒေသခံဖြစ်ကာ ကုန်စည်ဒိုင်တွင် ၂ နှစ်ကြာ အရောင်းအဝယ် လုပ်နေသူဖြစ်ပြီး ကြိုရောင်း ကြိုဝယ်များကြောင့် ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကို မဖြေရှင်းနိုင်ဘဲ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ကာ လိမ်လည်သွားသည့် ဖြစ်စဉ်တွင် အထောက်အထားရှိ အသင်းသားများကို ဦးစားပေး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) တာဝန်ရှိသူများက သြဂုတ်လ ပထမပတ်အတွင်းက ပြောကြားခဲ့သည်။

အသင်းသားများက အထောက်အထားဖြင့် လာရောက် စာရင်းပေးသည့် ပမာဏမှာ ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ရှိနေကြောင်း ကုန်စည်ဒိုင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်သွင်က ထပ်လောင်း ပြောကြားသည်။

မန္တလေး ပဲဈေးကွက်တွင် ယင်းသို့ လိမ်လည် ထွက်ပြေးမှုကြောင့် ပဲအရောင်းအဝယ်တွင် သတိထား ဆောင်ရွက်နေရသဖြင့် အရောင်းအဝယ် အေးစက်သည့် အနေအထားတွင် ရှိကြောင်း ကုန်စည်ဒိုင်အခြေစိုက် ပဲကုန်သည်များက ပြောကြားသည်။

The Voice  , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment