RangonNewsDaily: May . 2 .2014
တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း၏ အဓိကလမ်းမကြီးပေါ်မှာ အ၀ါရောင်လိုင်းများက မျဉ်းသားထားသည့်နှယ်။ ကားလမ်းတစ်
လျှောက် ခြောက်ပေအကွာတိုင်းမှာ ချည်နှောင်ထားသော အ၀ါရောင်ဖဲကြိုးများက ဖြတ်သန်းသွားသည့်ကားများမှ လေတိုးဝှေ့တိုင်း ၀ဲလွင့်နေကြသည်။
ဂျယ်ဂျူးကျွန်းပေါ်က အာဆန်မြို့ရှိ ဒန်ဝန်းအထက်တန်းကျောင်းမှာတော့ကျောင်းတံခါးဂိတ်များမှာ အ၀ါရောင်ဖဲကြိုးလေးများကို
ချည်နှောင်ထားသည်။ ထိုကျောင်းမှ အငယ်တန်းကျောင်းသား သုံးပုံတစ်ပုံခန့်မှာ ဧပြီ ၁၆ ရက်က ဂျယ်ဂျူးကျွန်းအနီး ဆီဝိုးလ် (Sewol) ကူးတို့သင်္ဘောနစ်မြုပ်မှုတွင်သေဆုံးခဲ့သည်။
သင်္ဘောနစ်မြုပ်ခဲ့ရာ ဂျယ်ဂျူးကျွန်းကျောင်းသားတို့ နေထိုင်ရာ အာဆန်မြို့တွင်သာမကပါသင်္ဘောနစ်မြုပ်ရာမှ သေဆုံးခဲ့သူတို့အတွက်
ဝမ်းနည်းကြေကွဲခြင်း အ၀ါရောင်ဖဲကြိုးများက ကိုရီးယားတစ်နိုင်ငံလုံးကို ဖုံးလွှမ်းနေပါသည်။ ယခုအချိန်ထိ ဆီဝိုးလ်သင်္ဘောနစ်မြုပ်
မှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ အချို့မှာ အလောင်းပြန်ရပြီး ထက်ဝက်ကျော်လောက်မှာ မရသေးဘဲ ရှာဖွေနေကြဆဲဖြစ်သည်။
ကြေကွဲဝမ်းနည်းနေသော နိုင်ငံတစ်ဝန်းမှ ပြည်သူတွေကအိမ်များ၊ ကျောင်းများမှာဖဲကြိုးအ၀ါတွေ ချည်ထားကြသလိုသင်္ဘောနစ်မြုပ်
မှုအကြောင်း တင်ဆက်နေသော ရုပ်သံအစီအစဉ်များ၏ ဖန်သားပြင်မှာလည်း ဖဲကြိုးဝါလေးများက နာရီဝက်တစ်ခါ ပေါ်လာနေကြ
သည်။
ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသော အင်တာနက်လူမှုစာမျက်နှာများမှာလည်း ကိုရီးယားပြည်သူများက အ၀ါရောင်ဖဲကြိုးများဖြင့် ၀မ်းနည်း
ယူကျုံးမရမှုများကို တင်ထားကြပါသည်။ အများစုက ကူးတို့သင်္ဘောနစ်မြုပ်မှုတွင် အသက်ဆုံးရှုံးကြသူများကို ၀မ်းနည်းစွာ တောင်း
ပန်ထားကြသည်။
‘‘ခွင့်လွှတ်ကြပါ။ ရှင်တို့ကို လာရောက်မကယ်ဆယ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်’’
သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူအများစုမှာ ငယ်ရွယ်သူ အထက်တန်းကျောင်းသားများဖြစ်ကြပြီး ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု
အရ မိသားစုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သဲသဲလှုပ်အရေးပေးကြသည့် အရွယ်လေးများ ဖြစ်ကြသည်။ ဒန်ဝန်အထက်တန်း
ကျောင်း၏ထုံးစံအရ ကောလိပ်ဝင်ခွင့်မဖြေဆိုမီ လေ့လာရေးခရီးထွက်ကြလေ့ရှိသည်။ ဆီဝိုးလ်သင်္ဘောနှင့်လိုက်ပါပြီး လေ့လာရေး
ထွက်မိသည့် ဆယ်ကျော်သက်ကျောင်းသားလေးများအတွက်တော့ ကြမ္မာဆိုးကြုံရခြင်းပင်ဖြစ်သည်။
နစ်မြုပ်နေသည့် သင်္ဘောကနေ လာရောက်ကယ်ဆယ်ကြဖို့ ပထမဆုံးအရေးပေါ် အကူအညီတောင်းခံသူမှာ ဒန်ဝန်းကျောင်းမှ အသက်(၁၇)နှစ်အရွယ် ကျောင်းသားလေး ချိုင်ဒေါက်ဟွာဖြစ်သည်။
‘‘ကျွန်တော်တို့ကို လာကယ်ကြပါ။ ကျွန်တော်တို့ သင်္ဘောပေါ်မှာပါ။ သင်္ဘောမြုပ်နေပါပြီ’’ဟူ၍ ဖြစ်သည်။
သူက အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့၏။ အခြားသင်္ဘောပေါ်မှလူကြီးများကအရေးပေါ်ကိုခေါ်ဖို့သတိမရခဲ့ကြ။ အဆိုပါကျောင်း
သားလေး ချိုင်ဒေါက်ဟွာကိုလည်း ကယ်ဆယ်ရေးသမားများက ယခုထိရှာမရသေး။ သေဆုံးသွားပြီဟု ယူဆကြသည်။
အဆိုးရွားဆုံးအချက်ကတော့ သင်္ဘောရေယာဉ်မှူး ဦးဆောင်သော သင်္ဘောသားများက သင်္ဘောကို ပထမဆုံးစွန့်ခွာ ကိုယ်လွတ်
ရုန်းခဲ့ကြသည်။ ကျောင်းသားလေးများ အသက်ကယ်အင်္ကျီများဝတ်ကာ သင်္ဘောအခန်းများထဲ ပိတ်မိနေချိန်တွင် ရေယာဉ်မှူးက ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ ခုန်တက်သွားခဲ့သည်။
တရားခံဘယ်သူလဲ
နစ်မြုပ်ခဲ့သည့် ဆီဝိုးလ်ကူးတို့သင်္ဘောမှာ ဂျပန်နိုင်ငံမှ အသုံးပြုပြီးသား သင်္ဘောဟောင်းကို မွမ်းမံထားသော သင်္ဘောတစ်စီးဖြစ်
သည်။ စုံစမ်းစစ်ဆေးသူတို့၏ အဆိုအရ ကိုရီးယားသင်္ဘောကုမ္ပဏီက ခရီးသည်ပိုမိုတင်နိုင်ရန်အတွက် တတိယထပ်၊ စတုတ္ထထပ်
များတွင် အခန်းများ ပိုတိုးချဲ့ပြုပြင်ခဲ့သည်ဟု သိရသည်။ တိုကျိုတက္ကသိုလ်မှ ရေကြောင်းပါမောက္ခ ယုတကာဝါတာနာဘေကက ‘‘
သူတို့က ဂျပန်ကသင်္ဘောအဟောင်းကိုဝယ်၊ အခန်းတွေထပ်ထည့်၊ ထပ်ထည့်တဲ့အခန်းတွေက သင်္ဘောဦးပိုင်းမှာရှိတယ်။ အဲဒီတော့
သင်္ဘောက နဂိုကလို ဘက်မညီဘဲ နစ်မြုပ်ခဲ့တာ’’ဟု ပြောကြားသည်။
သတင်းဌာနအချို့ကမူ သင်္ဘောနစ်မြုပ်ရာနေရာသည် ရေစီးကြောင်းများ အလွန်ကျပ်သည့်နေရာဖြစ်ပြီး ထိုရေကြောင်းကို အတွေ့
အကြုံမရှိသည့် တတိယရေယာဉ်မှူးက ပဲ့ကိုင်ခဲ့သဖြင့် ယခုကဲ့သို့ နစ်မြုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။
ထို့အပြင် နစ်မြုပ်နေသည့် သင်္ဘောပေါ်မှ ခရီးသည်များကို ကယ်ဆယ်သည့် ကိုရီးယားကမ်းခြေစောင့်တပ်၏ အရည်အသွေးက
လည်း အတော်ညံ့ဖျင်းသည်ဟုဆိုသည်။ ကယ်ဆယ်ရေးသင်္ဘောများ နောက်ကျခဲ့သည့်အတွက် အနီးဝန်းကျင်မှ ငါးဖမ်းသင်္ဘော
များက ကယ်ဆယ်ခဲ့ရသည်။
ငါးဖမ်းသမားတစ်ဦးက သူ၏စက်လှေမှာ သေးနေသဖြင့် လူအတော်များများကို မကယ်နိုင်ဘဲ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ရုပ်မြင်
သံကြားသတင်းများတွင် သင်္ဘောက တစ်ဖက်တွင် နစ်မြုပ်နေချိန် ကယ်ဆယ်ရေးတပ်သားများက သင်္ဘောပဲ့ပိုင်းကို ရောက်နေသော သင်္ဘောသားများကိုသာ ကယ်ဆယ်နိုင်ခဲ့သည်ကို လူတွေက မြင်တွေ့ကြရသည်။
‘‘အခုလို မြင်လိုက်ရတော့ တောင်ကိုရီးယားအစိုးရမှာကယ်ဆယ်ရေးရော၊ နိုင်ငံသားတွေကို ကာကွယ်ပေးမယ့်ဘေးကင်းရေး
အစီအမံတွေရော ဘာမှမရှိဘူးဆိုတာ ပြနေတယ်။ ဒီဆီဝိုးလ်သင်္ဘောမြုပ်တာက အစိုးရအဖွဲ့အစည်းတွေကြားမှာ အကျင့်ပျက်ခြ
စားအသုံးမကျတာတွေရဲ့ သာဓကပဲ။ နိုင်ငံမှာ ဒါတွေပြင်ဖို့လိုနေပြီ’’ဟု ကျောင်ဟီးတက္ကသိုလ်ပါမောက္ခစင်သီယာရိုက ပြောကြား
သည်။
သင်္ဘောနစ်မြုပ်ချိန်တွင် ခရီးသည်များ၏ လွတ်မြောက်ရေးကို တာဝန်မယူဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့သော ရေယာဉ်မှူးနှင့် သင်္ဘောသား ၁၄ ဦးကို တောင်ကိုရီးယားအစိုးရက ဖမ်းဆီးထားသည်။ သင်္ဘောနစ်မြုပ်မှုကို ဦးဆောင်စစ်ဆေးနေသောအဖွဲ့ ယန်ဂျွန်ဂျင်က ‘‘သင်္ဘောကိုစွန့်ခွာပြီး လူတွေကို သေစေတာ။ နိုင်ငံရဲ့ ရေကြောင်းဥပဒေကယ်ဆယ်ရေးနဲ့ ကူညီရေးဥပဒေ၊ မြစ်ကြောင်း ဥပဒေတွေအရ သူတို့ကို အရေးယူအပြစ်ပေးသွားမယ်’’ဟု ပြောကြားသည်။
တာဝန်ယူရဲသူ
သင်္ဘောနစ်မြုပ်မှုမှာရော ကယ်ဆယ်ရေးမှာပါ ပေါ့ဆခဲ့သည့်အတွက် လူအမြောက်အမြားသေဆုံးခဲ့ရ၍ ကြေကွဲဝမ်းနည်းနေသော လူအများ၏ဒေါသက အစိုးရတာဝန်ရှိသူများထံ စုပြုံရောက်ရှိသွားပါသည်။
သမ္မတ၊ ၀န်ကြီးချုပ်နှင့် အစိုးရ၀န်ကြီးများမှာ ကြေကွဲသူ ပြည်သူလူထု၏ ဒေါသတကြီး အပြစ်တင်ခြင်းကို ခံနေရသည်။ ထို့အတွက် ဧပြီ ၂၈ ရက်တွင် ၀န်ကြီးချုပ်ချွန်ဟွန်ဝန်က တာဝန်ယူသည့်အနေဖြင့် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း တိုင်းပြည်ကို ကြေညာခဲ့သည်။
‘‘ကျွန်တော့်အနေနဲ့ဒီမတော်တဆမှုကိုမဖြစ်အောင် မတားဆီးနိုင်ခဲ့တဲ့အတွက်ရော၊ ဖြစ်ပျက်ပြီးနောက် သင့်တော်စွာမဆောင်ရွက်နိုင်
ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်နုတ်ထွက်ပါတယ်’’
သို့သော်လည်း သေဆုံးသူများ၏ မိသားစုဝင်များက ကျေနပ်ခြင်းမရှိသေးပါ။ ၀န်ကြီးချုပ်ထက်ပိုပြီး တာဝန်ရှိသူ အမျိုးသမီးသမ္မတ ပတ်ဂွန်ဟေးလည်း ရာထူးမှနုတ်ထွက်ပေးရမည်ဟု တောင်းဆိုနေကြသည်။ တောင်ကိုရီးယားနိုင်ငံတွင် ၀န်ကြီးချုပ်ထက် သမ္မတက ပိုအရေးပါအာဏာကြီးသည်။ ထို့ကြောင့် စီမံခန့်ခွဲမှုညံ့သော သမ္မတသာလျှင် နုတ်ထွက်ပေးရမည်ဟု ဆိုသည်။
သင်္ဘောနစ်မြုပ်ရာတွင် စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ၀န်ကြီးချုပ်ရာထူးစွန့်သွားခဲ့သလို ကျောင်းသားအများစု သေဆုံးခဲ့သည့် ဒန်ဝန်းအထက်တန်းကျောင်းက ဒုတိယကျောင်းအုပ် မစ္စတာကန်မင်းကြူက အသက်ပါစွန့်သွားခဲ့သည်။ သူက သူ့ကိုယ်သူ သစ်ပင်မှာ ဆွဲကြိုးချသတ်သေခဲ့သည်။
သူ့အလောင်းအနီး တွေ့ခဲ့ရသော မစ္စကာကန်မင်းကြူ၏ ပိုက်ဆံအိတ်ထဲမှ စာရွက်တစ်ခုတွင် ‘‘အဆိုပါခရီးစဉ်ကို စီစဉ်သူဖြစ်ပြီး ကျောင်းသား ၂၀၀ ကျော် ပျောက်နေတဲ့ ဘ၀မှာ အသက်ရှင်နေရတဲ့အဖြစ်ကို မခံစားနိုင်တော့ဘူး’’ဟု ရေးသားခဲ့ကြောင်း ရဲများကပြောကြားသည်။
ဒုကျောင်းအုပ်သေဆုံးသည့်အဖြစ်က ကြေကွဲစရာတွေ ထပ်ဆင့်လိုက်သလိုပင်။ ယခုရက်များမှာတော့ ကျန်ရစ်ခဲ့သူတွေက ဆယ်ယူရရှိသော အလောင်းများကို အသုဘအခမ်းအနားကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ သင်္ဘောနစ်မြုပ်ခဲ့သည့် ရေပြင်မှာလည်း ရေတပ်သင်္ဘောများက အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့သည့် ပျောက်ဆုံးသူများ၏အလောင်းကို ရှာဖွေနေကြဆဲ ဖြစ်သည်။
တောင်ကိုရီးယားတစ်နိုင်ငံလုံး ၀မ်းနည်းခြင်းအ၀ါရောင်ဖဲကြိုးတွေ ဖုံးလွှမ်းနေသလို စိတ်ကြေကွဲဝမ်းနည်းမှုများ အထွတ်အထိပ်ကို
ရောက်နေပါသည်။ ကိုရီးယားစစ်ပွဲအပြီးမှာ ပထမဆုံး တောင်ကိုရီးယား
တစ်နိုင်ငံလုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ အထိအနာဆုံးအချိန်လည်း ဖြစ်သည်။ ထိုဒဏ်ရာကို ကုစားဖို့တော့ အချိန်များစွာ လိုအပ်ပါဦးမည်။
(ကိုးကား - CNN, NBC ရုပ်သံသတင်းများ)
7Day Daily , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment