Pages

Saturday, March 22, 2014

ရုရှားကို အမေရိကနှင့်အီးယူတို့ ထပ်မံပိတ်ဆို့ အရေးယူ

RangonNewsDaily: March . 22 .2014
ယူကရိန်းနိုင်ငံတွင်းရှိ ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ရုရှားသမ္မတ ပူတင်နှင့် နီးစပ်သော စီးပွားရေးသမားများနှင့် အစိုးရ အဖွဲ့ဝင်များကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်လိုက်ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကက ရုရှားသမ္မတ ပူတင်နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ တာဝန်ရှိသူ ၁၁ ဦးကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သကဲ့သို့ ဥရောပ သမဂ္ဂကလည်း သမ္မတပူတင်နှင့် နီးစပ်သူ ၂၁ ဦးကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

အမေရိကက ယခုထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့သူများတွင် ရုရှား စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ တာဝန်ရှိသူများသာမက အရေးပါသော ရုရှားဘဏ်တစ်ခုလည်း ပါဝင်လာခဲ့သည်။

ထို့အတူ ဥရောပသမဂ္ဂကလည်း ယခင်က ရုရှား ၂၁ ဦးကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားရာမှ ယခုနောက်ထပ် ၁၂ ဦးကို ပိတ်ဆို့ အရေးယူမှု ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူမှု ထပ်မံပြုလုပ်လိုက်သူ ၁၂ ဦး၏ အမည်များကို သောကြာနေ့တွင် ထုတ်ပြန်သွားမည်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရက နောက်ထပ် ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခြင်း ခံခဲ့ရသူများတွင် ရုရှားသမ္မတရုံး အရာရှိချုပ် ဆာဂျီဘီအီဗန်နော့ဗ်၊ သမ္မတပူတင်နှင့် နီးစပ်သော ဘီလီယံနာ ရင်းနှီးမြှုပ်နှံသူ ဂျန်နာဒီအန် တင်မ်ချန်ကို၊ ရုရှားအစိုးရ ခေါင်းဆောင်ပိုင်း၏ ဘဏ်တိုက်ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသော ယူရီဗီကိုဗာချော့ အပါအဝင် ရုရှားတွင် ၁၇ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်သော ရိုစီယာဘဏ်လည်း ပါဝင်သည်။

ထို့ပြင် ရုရှားတွင် ပြုလုပ်ခဲ့သော ဆွန်ချီဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံ ပမာဏခန့် တန်ဖိုးရှိ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရခဲ့သော အာခါဒီနှင့် ဘော်ရစ်ရိုတန်ဘာ့ခ် ဘီလီယံနာ ညီအစ်ကိုများလည်း ပါဝင်သည်။

ရုရှား စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အစိုးရ တာဝန်ရှိသူများကို ယခုကဲ့သို့ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့ပြီးနောက် ရုရှားစီးပွားရေးတွင် အရေးပါသော ပင်မအစိတ်အပိုင်း တစ်ခုဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကိုလည်း ပိတ်ဆို့ အရေးယူရန် လမ်းဖွင့်ထားဆဲပင် ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

အမေရိကနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ ရုရှားဘက်က တုံ့ပြန်ပြောကြားရာတွင် အရေးယူ ပိတ်ဆို့မှုများမှာ တရားမဝင်ကြောင်း၊ နိုင်ငံတကာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားသည်။

အမေရိက၏ ပိတ်ဆို့ အရေးယူမှုကို တုံ့ပြန်သည့်အနေနှင့် ရုရှားကလည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာ၊ အထက်လွှတ်တော် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဟယ်ရီရိဒ်၊ ဆီနိတ်တာ ဂျွန်မက်ကိန်းနှင့် အမေရိကန်သမ္မတ အိုဘားမားနှင့် နီးစပ်သော အကြံပေး သုံးဦးကိုလည်း ရုရှားနိုင်ငံတွင်းဝင်ခွင့် ပိတ်ပင်လိုက်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment