skip to main |
skip to sidebar
ကျန်းမာရေးဝန်ကြီးဌာန အမည်အလွဲသုံးစား လုပ်၍ စားသုံးသူ ကာကွယ်ရေးအသင်းကို တရားစွဲမည်
4:08 PM
Kolatt
RangonNewsDaily:: November . 9 .2013
ရန်ကုန်မြို့တွင်း လမ်းဘေးဈေးသည်များကို စားသုံးသူ ကာကွယ်ရေး အသင်းက
လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ မြဝတီ သတင်းစာက
ဖော်ပြခဲ့ရာ စားသုံးသူ ကာကွယ်ရေး အသင်းသည် ကျန်းမာရေးဝန်ကြီးဌာန နာမည်ကို
အလွဲသုံးစား လုပ်ထားသောကြောင့် ဝန်ကြီးဌာန အနေနှင့် တရားစွဲဆိုသွားမည်
ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ညွှန်ကြားရေးမှူး
ဒေါက်တာထွန်းဇော်က ပြောကြားသည်။ ယင်းသို့ တရားစွဲဆိုရန်
ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံ အကြောင်းကြား ထားကြောင်း၊ နိုဝင်ဘာလ
ပထမပတ်အထိ ခွင့်ပြုချက် မရရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ မြဝတီ သတင်းစာတွင် ဖော်ပြထားသော ‘ရန်ကုန်မြို့တွင်းရှိ လမ်းဘေး
စားသောက်ဆိုင်များ ကျန်းမာရေး သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ
စစ်ဆေးမည်’ ဆိုသော သတင်းတွင် စားသုံးသူ ကာကွယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက
“ကျန်းမာရေး ဝန်ကြီးဌာနက နောက်ဒါမျိုးတွေ မဖြစ်ရ အောင် စစ်ဆေးစေချင်
တဲ့အတွက် အသင်းအနေနဲ့ ဆောင်ရွက်ရတာပါ” ဟု ရေးသားချက်ကြောင့်
တရားစွဲဆိုခြင်း ဖြစ်သည်။
“ဝန်ကြီးဌာနက လုံးဝအသိအမှတ် မပြုဘူး။
တာဝန်လည်း မပေးဘူး။ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်တယ်လို့ ယူဆဖွယ်
ရှိပေမယ့် ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် ပြောဆိုပြီး ပုဂ္ဂိုလ်ရေး
ထင်ပေါ်ကျော်ကြားရေး အတွက် လုပ်တယ်လို့ပဲ မြင်တယ်” ဟု FDA ညွှန်ကြားရေးမှူး
ဒေါက်တာထွန်းဇော်က ပြောဆိုသည်။
ယင်းတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး
စားသုံးသူ ကာကွယ်ရေးအသင်းက နိုဝင်ဘာလ ၈ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်ကာ ပြန်လည် ရှင်းလင်းမည် ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ
ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။
“ပြစ်မှုတစ်ခု စွဲတယ်ဆိုတာ
ပြစ်မှုမြောက်မှ စွဲလို့ရတယ်။ မမှန် တရားစွဲဆိုတာ ဥပဒေမှာ ရှိတယ်။ ဒီတော့
ပြစ်မှု မမြောက်ဘဲ တရားစွဲရင် မမှန်တရားစွဲဆိုမှုနဲ့ ပြန်စွဲမယ်” ဟု ၎င်းက
ဆက်လက်ပြောကြားသည်။
စားသုံးသူ ကာကွယ်ရေး အသင်းသည် ရေကျိုငါးပိတွင်
ဓာတ်မြေသြဇာ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ လမ်းဘေး ဈေးဆိုင်များ
ကျန်းမာရေး ညီညွတ်မှု ရှိ၊ မရှိ လိုက်လံစစ်ဆေးခြင်း၊ စားသုံးရန် မသင့်သော
ဆိုးဆေးပါ ပစ္စည်းများကို ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် အခြားကျန်းမာရေးနှင့်
ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်နေသော ပြင်ပ ပညာရှင်များနှင့်
ဖွဲ့စည်းထားသည့် အသင်းဖြစ်သည်။
The Voice Weekly , kolatt(PBDN)
RangonNewsDaily
world time
0 comments:
Post a Comment