Pages

Tuesday, September 3, 2013

ရပ်ထားသည့် ကားနှင့် လူနှစ်ဦးကို လင့်ခရုဇာကားက ၀င်တိုက်

RangonNewsDaily:: September 3, 2013

လမ်းဘေးတွင်ရပ်ထားသော ကားတစ်စီးနှင့် လူနှစ်ဦးကို လင့်ခရုဇာကားတစ်စီးက ၀င်တိုက်ခဲ့မှုတစ်ခု သြဂုတ် ၃၁ ရက် ညက သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။အဆိုပါ လင့်ခရုဇာအဖြူရောင်ကားသည် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသည့် ဧရာဝဏ်လမ်းအတိုင်း မောင်းနှင်လာစဉ် အနော်မာ မှတ်တိုင်အနီးသို့အရောက်၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုကားသည် လမ်းဘေးတွင်ရပ်ထားသော ဂျေအေစီ အမျိုးအစား တွဲယာဉ်ကြီးအား စတင်ဝင်တိုက်မိပြီး ယင်းကားဘေးတွင် ရှိနေသည့် လူနှစ်ဦးကိုလည်း ဆက်လက်ဝင်တိုက်မိခဲ့ကြောင်း ရဲဌာနက ထုတ်ပြန်သည်။

ကားတိုက်ခံရသူများမှာ အသက် ၃၅ နှစ် အရွယ်ရှိ ကိုသက်မျိုးအောင်ဆိုသူနှင့် အသက် ၅၄ နှစ်အရွယ်ရှိ ဦးကျော်ညွန့်တို့ဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

ကိုသက်မျိုးအောင်သည် ကားတိုက်ခံရမှုကြောင့် ဦးခေါင်းပွင့်ထွက်သွားခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ဦးကျော်ညွန့်မှာ နောက်ကျောပွန်းစုတ်၊ ၀ဲပုခုံးနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ထားပြီး သူ့ဒဏ်ရာမှာမူ မစိုးရိမ်ရကြောင်း ရဲဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ကားတိုက်မှုအရှိန်ကြောင့် လွင့်စင်သွားသည့် သံစများက အနီးအနားတွင် ရပ်ထားသည့် အငှားယာဉ် ဗင်ကား တစ်စီးကို ထိမှန်ပြီး ထိုကား၏ နောက်မှန်များ ကွဲကြေသွားခဲ့သေးသည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအမှုအခင်းများနှင့်ပတ်သက်၍ လင့်ခရုဇာကားမောင်းနှင်သူကို ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် စွပ်စွဲကာ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက တရားလိုပြုလုပ်တိုင်တန်းထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး က သတင်းထုတ်ပြန်သည်။

ထိုတိုင်တန်းမှုကို သာကေတရဲစခန်းက အမှုအမှတ် ယာဉ် (ပ)၁၄/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူသည် ယာဉ်မောင်းကို ပြစ်မှုဆိုင်ရာဥပဒေ ၂၇၉/၃၃၇/၃၀၄-က တို့ဖြင့် တရားစွဲခံရနိုင်ချေရှိသည်ဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
Mizzima News::, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time