Pages

Monday, September 23, 2013

အသက်မပြည့်သေးသူကို အိမ်ထောင်သည်က ခိုးယူပေါင်းသင်းသဖြင့် အမှုဖွင့်တိုင်တန်း

RangonNewsDaily:: September 23, 2013

အသက်မပြည့်သေးသည့် သမီးငယ်ကို ခိုးယူပေါင်းသင်းသည့် အိမ်ထောင်ရှင် အမျိုးသားတစ်ဦးနှင့် ယင်းအမျိုးသား၏ ဇနီးဖြစ်သူတို့ကို အရေးယူပေးရန် တိုင်ကြားလာသဖြင့် မှော်ဘီရဲစခန်းက စက်တင်ဘာ ၂၁ ရက်တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် လိုက်သည်။ မှော်ဘီမြို့နယ် ဘွက်ကြီးအုပ်စုတွင် နေထိုင်သည့် ကာယကံရှင် ကလေးငယ်၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားသည်။

သူမက တိုင်တန်းထားရာတွင် ၄င်း၏ သမီးငယ်ဖြစ်သူ မ------(၁၅)နှစ်သည် စက်တင်ဘာလ ၁၅ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ လက်အိတ်စက်ရုံသို့ အလုပ်သွားပြီး ညအချိန်ထိ အိမ်ပြန်ရောက်မလာသဖြင့် ရှာဖွေခဲ့စဉ် စက်တင်ဘာ ၂၀ ရက် တွင် သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသည်ဟု ဆိုထားသည်။

ထို့နောက် သမီးဖြစ်သူက သူမအလုပ်သွားစဉ် ပုံမှန်ဆိုင်ကယ်ကယ်ရီ လိုက်ပို့ပေးနေသည့် မှော်ဘီမြို့နယ်နေ ကို----က မြို့ရှောင်လမ်းရှိ 'ဆုံဆည်းရာ' တည်းခိုခန်းသို့ သွေးဆောင်ခေါ်သွားခဲ့သည် ပြောခဲ့ကြောင်း ရဲအား ဆက်လက် ထွက်ဆိုထားသည်။

ထို့ပြင် ယင်းတည်းခိုခန်းတွင် ရှိနေစဉ်မှာပင် ၎င်းအမျိုးသား၏ ဇနီးဖြစ်သူ မ---- ရောက်ရှိလာပြီး ညစ်ညမ်းစွာ ဆဲဆိုကာ သမီးဖြစ်သူ၏ ပါးအား လေး၊ ငါးချက်ခန့် ရိုက်ခဲ့သည်ဟု တိုင်ကြားထားသည်ကိုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် သမီးဖြစ်သူအား ကို---- က တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏ မိခင်နေအိမ်သို့ ခေါ်သွားကာ ခိုးယူပေါင်းသင်းခဲ့သည်ဟု ဆို ထားသည်။ ထို့နောက် စက်တင်ဘာ ၂၀ ရက်တွင် ၎င်း၏ဇနီးက သမီးဖြစ်သူအား ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ထို့ကြောင့် သမီးဖြစ်သူအား ခိုးယူပေါင်းသင်းသည့် သူအား အရေးယူပေးရန် စွပ်စွဲ တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မှော်ဘီမြို့နယ် ရဲစခန်းက (ပ)၅၄၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူများကို လိုက်လံရှာဖွေလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃/ ၂၉၄/၃၂၃ တို့ဖြင့် ဖမ်းဆီး တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time