Pages

Friday, September 13, 2013

မြေ..... (ကဗျာ)

မြေ.....
RangonNewsDaily:: September 13, 2013
ပြည်တွင်းစစ် မကြာခဏ ဆင်နွှဲလေ့ရှိတဲ့
မြေ...

တသက်လုံး တူတူနေသူ အချင်းချင်း
သံသယမီးတွေ ဆင့်ပွားစေတဲ့
မြေ.... မိဘမဲ့ကလေးတွေရဲ့ ငိုသံတွေ
ဒုက္ခသည်တွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေနဲ့
တန်ဆာဆင်ထားတဲ့
မြေ.....

အလွန်နည်းတဲ့ လူတစ်စုအတွက်
အရာရာ လက်ညှိုးညွှန် ရွှေဖြစ်ချိန်မှာ
တစ်နိုင်ငံလုံးနီးပါး
ထမင်းငတ်တော့မယ့်
မြေ....

သယံဇာတတွေ ပေါကြွယ်ဝသလောက်
ပြည်သူတွေ မခံစားရတဲ့
မြေ....

ဘာသာတရားရဲ့ အဆုံးအမတွေကို
တုတ်၊ ဓား လက်နက်တွေ အဖြစ်
ပြောင်းလဲစေတဲ့
မြေ...

ချစ်စရာကောင်းတဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို
ဒဏ်ရာတွေ အဖြစ် ပုံပြောင်းစေတဲ့
မြေ.....

တစ်ခုခုမှားပြီးတိုင်း
ပြည်သူတွေရဲ့ ဘ၀တွေနဲ့ ရင်းပြီး
အာရုံလွှဲဖို့ ကြိုးစားလေ့ရှိတဲ့
မြေ.....

ပါဂျောင်တောင်လေးရဲ့ အလှကို နိုင်ငံတကာက သိစေချင်တယ်..
မီးမလောင်ခင်က အရင်အိမ်လေးမှာ ညီမလေးနဲ့ တူတူ ဆော့ချင်တယ်...
မနက်ဖြန်ကျရင် ကျောင်းမမှီမှာ စိုးလို့ စောစော အိပ်ချင်တယ်...

လခလေးတွေ စုပြီး မြန်မာပြည် တစ်ပတ်တော့ ခရီးထွက်ချင်တယ်....
မနက်ခင်းတိုင်း ဘာသာအသီးသီးရဲ့ တရားသံလေးတွေနဲ့ အိပ်ရာထချင်တယ်.....
ချစ်စရာအသံ ၀ဲဝဲလေးတွေနဲ့ ရင်းနှီးနေချင်တယ်......

ငါတို့ဘ၀တွေက သူတို့အတွက် တံတားလား...
ငါတို့ အိပ်မက်တွေ သေဆုံးခြင်းက သူတို့ အနာဂတ်လား...

ခုထိတော့ အနာရင်းနေဆဲ
မြေ........
ရေးသားသူ။   ။ Jue Jue
RangonNewsDaily
kolatt (Pabedan)
 

0 comments:

Post a Comment

 
world time