Pages

Tuesday, August 27, 2013

DKBA ထိန်းချုပ်နယ်မြေ ဒေသဖွံ့ဖြိုးရေး နိပွန်ဖေါင်ဒေးရှင်းက လုပ်ပေးမည်ဟု ဆို

RangonNewsDaily:: Aug 27, 2013

ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းက DKBA ထိန်းချုပ်နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပေး ရန်အတွက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်သတ်္တပတ်က DKBA ဌာနချုပ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် DKBA ကိုယ် စားလှယ်များ၊ KNU/KNLA(PC) ကိုယ်စားလှယ်များ၊ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများ အဖွဲ့နှင့် ဒေသခံများသည်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နိပွန်ဖေါင်ဒေးရှင်းက အထက်ပါအတိုင်း ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဒေသမှာ လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်ရေသန့် ရရှိရေးတွေကိုထောက်ပံ့ပေးမယ်လို့ ပြောတယ်။ UNFC အဖွဲ့မဟုတ်တဲ့ သူတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ ဦးအောင်မင်းက စကားလက်ဆောင်ပါးလို့ သူတို့ လာတာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကို ပြောသည်။

နိပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ် အီမိုတို အပါအ၀င် သုံးဦးသည် DKBA မှ ဗိုလ်ချုပ်ကြီး စောလားဖွယ်နှင့် တွေ့ဆုံခဲ့ပြီး DKBA ဌာနချုပ်၊ ဆုံဆည်းမြိုင်သို့ သွားရောက် လေ့လာခဲ့ကြသေးသည်။

ဖွံ့ဖြိုးရေး အစီအစဉ်များကို ဒေသခံကရင်လူထုက တင်ပြပေးရန် လိုအပ်ပြီး နိပွန်ဖေါင်ဒေးရှင်းက အဆိုပါ အစီအစဉ်ပေါ်တွင် မူတည်ပြီး ထောက်ပံ့ကူညီမှု ပေးသွားမည် ဖြစ်သည်။

“အခြား အဖွဲ့အစည်းတွေဆီက အကူအညီရလားလို့ မေးတယ်။ ကျွန်တော်တို့ မရပါဘူးလို့ ပြောလိုက် တယ်” ဟုစောဆန်းအောင်က ပြောသည်။ ထို့ပြင် နိပွန်ဖေါင်ဒေးရှင်းအနေနှင့် DKBA ကို ဘားအံတွင် ဆန်အိတ်လေးရာ လှူဖူးသည်ဟုလည်း ၎င်းက ပြောသည်။

နိပွန်ဖေါင်ဒေးရှင်းသည် ဆန်နှင့် ဆေးဝါးများကို မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ချင်းအမျိုးသားတပ်ဦး (CNF)နှင့် DKBA အပါအ၀င် မွန်ပြည်သစ်ပါတီ၊ RCSS/SSA တို့ကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။

Mizzima News , RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment