Pages

Tuesday, June 11, 2013

ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံးကိစ္စ တရုတ်ကုမ္ပဏီက ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီက အခွန်ငွေပေးဆောင်ရန် လျှောက်ထား

ဇွန်လ ၁၁ ရက် ၂၀၁၃

ယူရိုသန်းချီတန် မြန်မာ့ကျောက်စိမ်းတုံး နှစ်တုံးကိစ္စနှင့် တရုတ်နိုင်ငံတွင် တရားရင်ဆိုင်လျက်ရှိသော မြန်မာကုမ္ပဏီကို တရုတ်ကုမ္ပဏီက ကျောက်စိမ်းတုံးများ ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး မြန်မာကုမ္ပဏီက တရားဝင် အခွန်ငွေ ပေးဆောင်ရန်နှင့် တရားမ၀င် တင်သွင်းခဲ့သော လမ်းကြောင်းကို ဖော်ထုတ်ပေးရန် တရုတ်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျောက်စိမ်းအမှုကို မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ နှင့် တရုတ်လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

''မြန်မာနိုင်ငံမှာ အခွန်ဆောင်ပြီး တင်ပို့တဲ့ တရားဝင်ကျောက်စိမ်းက တရုတ်နိုင်ငံကို တရားမ၀င် လမ်းကြောင်းက ၀င်လာ တယ်။ အဲဒီလမ်းကြောင်းကို ပေါ်လွင်အောင် ရင်ဆိုင်နေပါတယ်။ ပြီးတော့ တစ်ဖက်ကုမ္ပဏီက တာဝန်ရှိသူကိုယ်တိုင် လာရောက်ရင်ဆိုင်ဖို့လည်း လျှောက်ထားခဲ့ပါတယ်'' ဟု သီတာ မြနန်းကုမ္ပဏီ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှ ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ၃၂ တန်ရှိ ကျောက်စိမ်း အရိုင်းတုံးကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရရှိအောင် ဖြတ်တောက်ခဲ့သည်။ ယင်းလေးခြမ်းမှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော် ၀ါရီလတွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက် ကုမ္ပဏီမှတစ်ဆင့် တင်ပြရောင်း ချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူစန်မြို့ နန်ဟိုင်ရပ်ကွက်မှ တစ်ဆင့်တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ် ကျောက်စိမ်းကုန်သွယ်ရေး ကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့် ပတ်သက် သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်း မရှိခြင်းနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ပြုလုပ်မှုများ ရှိနေခြင်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံးကို (၂၂) ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No .၆၀၁ နှင့် Lot No.
၆၀၂ တို့ဖြင့် တင်သွင်း ပြသခဲ့ခြင်းဖြစ်ပြီး အလေးချိန် ကီလို ၈၈၀၀ နှင့် ကီလို ၈၉၀၀ တို့ရှိကြောင်း၊ တန်ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်း ယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။

Eleven Media , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment

 
world time