Pages

Saturday, March 2, 2013

မလက်တို ကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်း

Saturday, 02 March 2013 
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောကြားခဲ့သည်။ ဒေသခံများ၏ လယ်ယာမြေ ပြန်လည်ရရှိရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ ၁နာရီက ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ပြီး ယင်းညတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၆ဦး ဒေသခံ ၁၅ဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၈ရက် ညနေပိုင်းတွင်မူ နှစ်ဖက်အကြား ပြေလည်မှုရရှိခဲ့ရာ ယင်းည၌ပင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ၀န်းကျင်မှာ ၎င်းတို့၏ မူလဌာနေများသို့ ပြန်လည်ထွက်ခွာခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားသည့်နေရာ၌ လုံခြုံရေးရယူရန် ရဲတပ်ဖွဲ့ဝင် ၈၀ ၀န်းကျင်သာ ကျန်ရှိခဲ့သည်။

ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက'' လက်ရှိအချိန်မှာ အချင်းဖြစ်ပွားခဲ့တဲ့နေရာမှာ တည်ငြိမ်မှု ရရှိနေသည့်အတွက် ကျန်ရှိနေတဲ့ ရဲတပ်ဖွဲ့တွေရယ်၊ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ရယ်ကို ရုပ်သိမ်းလိုက်ပါတယ် ''ဟု ပြောကြားခဲ့သည်။
ပုဒ်မ ၁၄၄ ပါ ပြဌာန်းချက်များအရ ဒေသဆူပူမှု ပြန်လည် ဖြစ်ပွားပါက ၁၄၄ အား ပြန်လည်ထုတ်ပြန်ပြီး ဆောင်ရွက်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ဦးထွန်းမြင့်မှ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းသို့ ကျန်ရှိနေသော ရဲတပ်ဖွဲ့များနှင့် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄အား ရုပ်သိမ်းခဲ့သော်လည်း ပဋိပက္ခဖြစ်စဉ်အား ဦးဆောင်သူနှင့် သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ဦးထွန်းမြင့်က ဆက်လက် ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူ ၄၂ဦးအနက် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ဖေဖော်ဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ပြီး ယင်းနေ့တွင် မအူပင်ဆေးရုံမှ ဒဏ်ရာသက်သာ၍ ပြန်လွှတ်ခဲ့သူ ၁၆ဦး ရှိခဲ့ပြီး ဆေးရုံ၌ လူနာ ၂၆ ဦး ဆေးဝါးကုသမှု ဆက်လက်ခံယူ ကျန်ရှိခဲ့သည်။

မတ်လ ၁ရက်နေ့တွင်မူ ဆေး ရုံတွင် ကျန်ရှိနေသည့် လူနာ ၂၆ စလုံး ဒဏ်ရာသက်သာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။ယင်းသို့ ပဋိပက္ခဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး Orchard စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသည် စာနယ်ဇင်း ရှင်းလင်းပွဲတစ်ခုအား မတ်လ ၁ရက်နေ့တွင် အခင်းဖြစ်ပွားရာ ငါးကန်နေရာများတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ဒေသခံများမှ ၎င်းတို့၏ လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ပြုရန် တောင်းဆိုသည့် နေရာများတွင် ဧက ၅၅၀အား Orchard ကုမ္ပဏီအား ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၀၆ခုနှစ်က မအူပင် ငါးမွေးမြူရေးလုပ်ငန်းမှ ခွင့်ပြုပေးခဲ့ကြောင်း မအူပင်မြို့နယ် ငါးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Orchard ကုမ္ပဏီအနေဖြင့် မအူပင်မြို့နယ်အတွင်း၌ မြေဧက ၁၀၀၀၀ ၀န်းကျင် ပိုင်ဆိုင်ထားကြောင်းလည်း မအူပင်မြို့နယ် ငါးလုပ်ငန်းကော်မတီမှ ရရှိသော သတင်းများအရ သိရသည်။Orchard ကုမ္ပဏီအနေဖြင့် ၎င်းတို့ပိုင် ငါးကန်များအတွင်းသို့ အကြမ်းဖက်ကျူးကျော်သူ အယောက် ၁၀၀ခန့်မှ ၀င်ရောက်၍ ၀ါးများမီးရှို့ဖျက်ဆီးခြင်း တာဘောင်အား ချိုးဖျက်၍ အတွင်းမှ ရေနှင့်ငါးများ ကန်ပြင်ရောက်အောင် ပြုလုပ်ခြင်း
၊ပိုင်နက်ကျူးလွန်ခြင်းများ ပြုလုပ်နေမှုများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ယင်းကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဒေါက်တာမြင့်စိန်ကိုယ်စား သားဖြစ်သူ ဦးနောင်ဇော်လတ်မှ ဖေဖော်ဝါရီလ ၂၅ရက်က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။ 
RND: 2.3.2013
Eleven Media Group:

0 comments:

Post a Comment