Pages

Tuesday, October 16, 2012

ကမ္ဘောဒီယား မင်းသားကြီး သီဟာနု ကွယ်လွန်

Hti_Ha_Nu

ကမ္ဘော ဒီယား နိုင်ငံက ဘုရင်ဟောင်း အသက် ၈၉ နှစ်ရှိ မင်းသားကြီး နိုရိုဒွန် သီဟာနုဟာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ ယနေ့ တနင်္လာနေ့မှာပဲ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်း မီဒီယာက ကြေညာ သွားပါတယ်။ မင်းသားကြီး သီဟာနုဟာ ကာလ အတော်ကြာကြာ ကျန်းမာရေး မကောင်း ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
“နိုရိုဒွန် သီဟာနု ပီကင်းမှာ ကွယ်လွန်သွားပါပြီ”လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အသေးစိပ် အချက်အလက် များ ပြောဆိုတာ မလုပ်ပဲ အမည် မဖော်ပြတဲ့ အရာရှိ တယောက်က ပြောသွားတာလို့ China Morning Post သတင်းမှာ ရေး သားထားပါတယ်။
 
ကမ္ဘောဒီယား ဒုဝန်ကြီးချုပ် Nhek Bunchhay က ဆင်ဟွာ သတင်းဌာနကို တယ်လီဖုန်းနဲ့ ပြောရာ မှာတော့ “ကျနော်တို့ ဘုရင်ဟောင်းဟာ ဓမ္မတာ သဘာဝအတိုင်း အသက်ကြီးရင့်နေ တာကြောင့် ပီကင်းမှာ ဒီ တနင်္လာနေ့ မနက်စောစော ၂ နာရီက ကွယ်လွန်သွားခဲ့တာပါ” လို့ ဖြေကြားခဲ့ပါတယ်တဲ့။
“ဒါဟာ ကမ္ဘောဒီယား အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါ။ ကျနော်တို့ ၀မ်းနည်းပါတယ်။ ကျနော်တို့ အားလုံးက လေးစားရ တဲ့ ကြီးမြတ်တဲ့ ဘုရင်ဟောင်း တဆူလည်း ဖြစ်ပြီး သူ့ကိုလည်း ချစ်ခင်ကြပါတယ်” လို့ သူက ဆိုသွားပါတယ်။ ၀န်ကြီးချုပ် ဟွန်ဆန်နဲ့ လက်ရှိကမ္ဘောဒီယားဘုရင် Norodom Sihamoni တို့ဟာ ဒီတနင်္လာနေ့ မနက်ပိုင်းမှာပဲ မင်းသား ကြီး သီဟာနုရဲ့ ရုပ်ကလပ်ကို ကမ္ဘောဒီယားမှာ ရိုးရာ အတိုင်း ဈာပနကျင်းပနိုင်ဖို့အတွက် လေယာဉ်နဲ့ ထွက်ခွာမှာပါလို့ သူက ထပ်ပြောပါတယ်။ 
မင်းသားကြီး သီဟာနုဟာ နုလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေး မကောင်းဖြစ်တာကြောင့် တရုတ်နိုင်ငံက သူ့အိမ်မှာ နေရင်း လွန်ခဲ့တဲ့ ဇန်န၀ါရီလကတည်းက ဆေးဝါးကုသမှုကို ခံယူနေခဲ့တာပါ။ မင်းသားကြီး သီဟာနုဟာ ကမ္ဘောဒီယားနိုင်ငံမှာ ၂ ကြိမ်တိုင် ပြည်ပြေးဖြစ်ခဲ့ရပြီး ၂ ကြိမ်တိုင် ပြန်လာပြီး နန်းအာဏာ ပြန်ရ ခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ်က မင်းသားကြီး ၁၈ နှစ်သားအရွယ်မှာ ပြင်သစ် ကိုလိုနီတွေက သူ့ကို နန်းတင်ပြီး ခဲ့တာလည်း ဖြစ်ပါတယ်။ 
နန်းသက် ၁၂ နှစ်ကြာပြီးတဲ့အခါ ဖခင်ဖြစ်သူ မင်းသား Norodom Suramarit က နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင်ဖို့ ပြောခဲ့လို့ နန်းကို စွန့်ခဲ့ပါသေးတယ်။ မင်းသားကြီး သီဟာနုဟာ ၀န်ကြီးချုပ်တာဝန်ကို ၆ ကြိမ်လောက် ယူခဲ့ပြီး အကြိမ်ကြိမ် ရာထူးက နုတ်ထွက် ပေးခဲ့ရသူ လည်း ဖြစ်ပါတယ်။ 
၁၉၇၀ ခုနှစ်မှာတော့ အမေရိကန် ကျောထောက် နောက်ခံ ပေးထားတဲ့ မင်းသားကြီး သီဟာနုရဲ့ စစ် ဗိုလ်ချုပ် တဦးက ဦးဆောင်ပြီး အာဏာ သိမ်းတာလည်း ခံခဲ့ရပါတယ်။ ကမ္ဘောဒီယားမှာ အင်အား အလွန်ကောင်းခဲ့တဲ့ ခမာနီ ကွန်မြူနစ် တွေနဲ့ လည်း သူက မဟာမိတ် လုပ်ခဲ့ ရပါသေးတယ်။ ၁၉၇၅ ခုနှစ်က ၁၉၇၉ ခုနှစ်အထိ ဖနွမ်းပင်က နေအိမ်မှာ အကျယ်ချုပ်လည်း ကျခံရဖူးပါတယ်။ 
မင်းသားကြီး သီဟာနုဟာ နောက်ပိုင်း ခမာနီတွေကို ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။ နောက် ၁၉၉၃ ခုနှစ်မှာ နန်းပြန်တက် ခဲ့ ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အတွက် ကူညီ လုပ်ဆောင် ပေးခဲ့ပါတယ်။ မင်းသားကြီးသီဟာနုရဲ့ ဈာပန အခမ်းအနားကို ကမ္ဘောဒီယားမှာ နိုင်ငံအ၀န်း ၁၅ ရက်တာ ပွဲတော်များ လုပ်ကာ ကျင်းပ သွား မှာလည်း ဖြစ်ပါတယ်။ 

ရွှေဟင်္သာသတင်းဌာန

0 comments:

Post a Comment

 
world time