Pages

Sunday, July 8, 2012

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအား တရားဝင်ဖွဲ့စည်းပြီးဖြစ်



မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ၎င်းတို့၏သတင်းစာရှင်းလင်းပွဲက သိရှိရသည်။


မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းသည် နိုင်ငံတကာနှင့်တပြေးညီအကျိုးဆောင်ခလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ကာ အိမ်ခြံမြေအကျိုးဆောင်ဥပဒေ ပေါ်ပေါက်စေရေး ရေးဆွဲသွားနိုင်ရန်အတွက် အသင်း အား ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။


အာဆီယံနိုင်ငံတွင် မြန်မာနိုင်ငံ၏အိမ်ခြံမြေကွက်များမှာ ဈေးအမြင့်ဆုံးအထိ ရောက်ရှိနေသဖြင့် ဈေးမြင့် တက်နေခြင်းအား အမြန်ဆုံးဖြေးရှင်းနိုင်ရန်လည်း ရည်ရွယ်ကြောင်းကိုလည်း သိရှိရသည်။


အိမ်ခြံမြေနှင့် ပတ်သက်သောဒီပလိုမာသင်တန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နိုင်ငံတကာရှိ အိမ်ခြံမြေသင်တန်းကျောင်းများမှ ဆရာများနှင့် လက်တွဲ သင်ကြားပို့ချပြီး အာဆီယံတွင် အရည်အသွေး ပြည့်မှီအောင် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။


 “အရည်သွေးပြည့်ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ကျွန်တော်တို့ အနေနဲ့ သင်တန်းတွေ ပေးသွားမှာဖြစ်တယ်။” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဥက္ကဌ ဦးခင်မောင်သန်းက ပြောသည်။


အိမ်ခြံမြေ ရောင်း၊ ၀ယ်၊ ငှားရမ်းခြင်းနှင့် ၀န်ဆောင်မှုပြုရာတွင် နိုင်ငံတော်မှချမှတ်ထားသော သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။


ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့များသည် ဝန်ဆောင်မှုကောင်းမွန်စေရန် ပြောဆို ဆက်ဆံ ရေးတွင် ပျူဌာသိမ်မွေ့မှု ရှိစေရန် သင်တန်းများကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။


လက်ရှိတွင် ယေဘုယျအားဖြင့် အသင်းဝင်ပေါင်း (၁၆၀) ခန့်ရှိပြီး ရပ်ကွက်တွင်းပြုလုပ်နေသော အိမ်ခြံမြေ ပွဲစားများကိုလည်း အသင်းဝင်ဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။


“ဒီလိုအသင်းတွေ ဖွဲ့စည်းခွင့်ရပြီဆိုတော့ ကျမတို့အတွက် ကောင်းတာပေါ့ အကာအကွယ်တခုလည်း ရတယ်လို့ ထင်ပါတယ်။” အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးဝင်းက ပြောသည်။


မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှု အသင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနအား ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် တရားဝင်လျှောက်ထားခဲ့ပြီး ဌာနအဆင့်ဆင့်ဖြစ်သော ပြည်ထဲရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်၊ ဘဏ္ဍာအခွန်ဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းချုပ်များကို စီစစ်ရယူပြီး  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဦးစီးဌာန၏ မှတ်ပုံတင် ခွင့်ပြုချက်ဖြင့် ၁၂၃၀/၂၀၁၂-၂၀၁၃ (၂၈.၆.၁၂) တရားဝင်ဖွဲ့စည်းခွင့် ရခဲ့ခြင်းဖြစ်သည်။ 

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment

 
world time