Pages

Thursday, July 12, 2012

မိတ္ထီလာမြို့နယ်မှ သိမ်းဆည်းခံလယ်သမားများ ထွန်တုံးတိုက်ပွဲဆက်လက်ဆင်နွှဲ

 
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ လယ်သမားများက သိမ်းဆည်းခံလယ်မြေများပေါ်၌ ငြိမ်းချမ်းစွာပြန်လည် ထွန်ယက်မှုဒုတိယနေ့အဖြစ် ယနေ့ဇူလိုင်လ(၁၁)ရက်နေ့တွင် ဆက်လက် ထွန် ယက် လျက်ရှိကြောင်း သိရသည်။

 
 
“ဒီနေ့က ဒုတိယမြောက်နေ့အဖြစ်ဆက်ပြီးတော့ ထွန်တာပေါ့။ အဖမ်းအဆီး အနှောင့်အယှက်တော့ မရှိပါဘူး။ ဓာတ်ပုံရိုက်တာ မှတ်တမ်းတင်တာတွေတော့ ရှိတယ်”ဟု မလိုင်မြို့နယ် ကံကောင်းရွာခံ လယ်သမားတစ်ဦးက ပြောသည်။
 
 
အသိမ်းခံထားရသော လယ်မြေများမှာ မိတ္ထီလာမြို့နယ် ရှမ်းတဲတိုက်နယ် ကံကောင်းကျေးရွာ၊ ၀မ်းတွင်းမြို့နယ်အတွင်းရှိ အိုးပြွန်ကန်ကျေးရွာ၊ မလိုင်မြို့နယ်အတွင်းရှိ ဘုံတောကျေးရွာနှင့် သရက်ကန်ကျေးရွာ၊ သာစည်မြို့နယ်အတွင်းရှိ ကျွဲတပ်ဆုံ စသည့်နေရာများဖြစ်ပြီး စုစုပေါင်း သိမ်းဆည်းခံ လယ်ဧက(၂၀၀)၀န်းကျင်ခန့်ရှိကြောင်း သိရသည်။
 
 
မိတ္ထီလာမြို့နယ်အတွင်းရှိ လယ်သမားများက သိမ်းဆည်းခံလယ်မြေများပေါ်၌ ငြိမ်းချမ်းစွာ   ပြန်လည်ထွန်ယက်မှု ပထမနေ့အားဇူလိုင်လ(၁၀)ရက်နေ့က စတင်ခဲ့ခြင်းကြောင်း ပြည်သူ့ အကျိုးဆောင်ကွန်ယက်က သိရှိရသည်။
 
 
“ဒီလယ်သမားတွေက လယ်ပဲလုပ်တတ်တာ။ သူတို့လယ်တွေကို သူတို့ကိုပြန်ပေးဖို့ တောင်းဆို ထားတာ  ကြာပြီ။ အခုချိန်ထိ ဘာမှမထူးလို့ လယ်သမားတွေက အခုလို ၀င်ပြီး လယ်ထွန်ကြတာပါ”ဟု လယ်သမား အရေးကူညီဆောင်ရွက်ပေးနေသူ   ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
 
 
လယ်ယာမြေအသိမ်းဆည်းခံထားရသော လယ်သမားများအနေဖြင့် ၎င်းတို့တောင်းဆိုထားသည့် လယ်ယာမြေများကို ပြန်မရမချင်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 
“မနက်ဖြန်တော့ မြေတိုင်းဦးစီးက တာဝန်ရှိသူတွေနဲ့ သိမ်းသွားတဲ့ ကုမ္ပဏီဘက်ကလူတွေ လာပြီး ဖြေရှင်းပေးမယ်။ အဲဒီကြမှ သူတို့တွေ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို သိရမှာ။ အခုချိန်ထိတော့ လယ်ထွန်တဲ့ နေရာတိုင်းမှာ လုံခြုံရေးတွေရော တာဝန်ရှိသူတွေရော စောင့်ကြည့်နေကြတယ်”ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။
 
 
ယခုကဲ့သို့ အသိမ်းခံထားရသော လယ်မြေများပေါ်တွင် လယ်ဝင်ထွန်သော နည်းလမ်းမှာ လယ်သမား များဘက်မှ နစ်နာသည်ဟုခံစားမိ၍ အနီးကပ်ဆုံးလုပ်ဆောင်နိုင်သည့် နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်ကြောင်း ထိုကဲ့သို့ပြုလုပ်ရာတွင်လည်း တရားဥပဒေဘောင်အပြင်သို့ မရောက်စေရန် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း လယ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးဝင်းချိုက ဆိုသည်။
 
 
“တစ်ချို့က ထွန်တုံးတိုက်ပွဲဆိုပြီးတော့ ခေါ်ကြတယ်။ တစ်ချို့က ကျွတော်တို့နဲ့အတူတူ ဆန္ဒပြ ကြတယ်။ တစ်ချို့က အဲဒီလိုမလုပ်ပဲနဲ့ သမ္မတဆီကို စာတင်ကြတယ်။ ဒီလိုနည်းလမ်း အမျိုးမျိုးရှိတဲ့ အထဲကနေ ပြီးတော့ လယ်ဆင်းထွန်တယ်ဆိုတဲ့ ထွန်တုံးတိုက်ပွဲဟာလည်း ဒီနည်းလမ်း အများ ကြီးထဲက တစ်ခုဖြစ်ပါတယ်”ဟု ဦးဝင်းချိုက ပြောသည်။
 
 
အစိုးရသစ်လက်ထက်တွင် ပြည်နယ်နှင့်တိုင်းဒေသအသီးသီး၌ ယခင်အစိုးရလက်ထက်က သိမ်းယူ ခံထားရသော လယ်ယာမြေများအား ပြန်လည် တောင်းဆိုမှုများ၊ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိနေကြောင်းကိုလည်း သိရှိရသည်။
 
 
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် ဇူလိုင်လ(၄) ရက်နေ့တွင် ဇလွန်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းက လယ်မြေသိမ်း ဆည်းခံရခြင်းများအား စုံစမ်းလေ့လာေ ဖာ် ထုတ်ပြီး တောင်သူလယ်သမားများနစ်နာမှုမရှိစေရေး တရားမျှတစွာဖြေရှင်း ဆောင်ရွက်ပေးရန်အဆိုအား လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
 

Ref: မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment

 
world time