Pages

Saturday, July 14, 2012

ရွှေတိဂုံဘုရားတွင် စက်လှေကားအသစ်နှင့် ဓါတ်လှေကားများ တိုးချဲ့တပ်ဆင်မည်



ရွှေတိဂုံဘုရား၊ အနောက်ဘက်မုဒ်ဝတွင် စက်လှေကားအသစ်ကို သြဂုတ်လမှစကာ အစားထိုးပြောင်းလဲ တပ်ဆင်တော့ မည်ဖြစ်ပြီး တောင်ဘက်မုဒ်တွင် ဓာတ်လှေကားအသစ်(၂)စင်း တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်း ရွှေတိဂုံဘုရားရုံး အဖွဲ့မှူးထံက သိရှိရသည်။



စက်လှေကားအဟောင်း၏ သက်တမ်းမှာ နှစ်ပေါင်း(၂၀)ကျော် ကြာမြင့်ခဲ့ပြီးဖြစ်၍ စက်၏ ကြံခိုင်မူအားနည်းကာ ဘုရားဖူး ခရီးသွားပြည်သူများအတွက် မကြာခဏအန္တရယ်ဖြစ်ပေါ်နေသဖြင့် ဘုရားဖူးပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် အန္တရယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အသစ်ပြောင်းလဲတပ်ဆင်ခြင်းဖြစ်သည်။


 “ဟောင်းနွမ်းနေတဲ့ စက်လှေကားတပ်ထားရင် အားနည်းချက်တစ်ခုက ဘုရားဆိုတော့ ဖိနပ်မစီးရတာ တစ်ကြောင်း၊ စက်လှေကားချိန်းတွေက လည်နေရင် ဘီးစိတ်လေးတွေကြားထဲ အသားတွေ ညပ်သွား တာတွေရှိလို့ နယ်ကလာတဲ့ ဘုရားဖူးခရီးသွားတွေက စက်လှေကားမစီးတတ်တော့ တော်တော်အခက်တွေ့ တာတွေ ရှိနေတယ်။ အဲ့ဒါကြောင့်  အသစ်ပြန်တပ်ပေးတာပါ။” ဟု ရွေတိဂုံရုံးအဖွဲ့မှ တာဝန်မှူးက ပြောသည်။  


စက်လှေကားသစ် တပ်ဆင်ခြင်းအား SPA ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတပ်ဆင်ပေးမည်ဖြစ်ပြီး သြဂုတ်လတွင်း စတင်တပ်ဆင်ကာ ဒီဇင်ဘာလပိုင်းတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


 အဆိုပါစက်လှေခါးတပ်ဆင်မှုတွင် စာချုပ်သက်တမ်းကျော်လွန်၍ တပ်ဆင်မှုမပြီးစီးပါက ရက်ကျော်ကြေး တစ်ရက်လျှင် (၅)သောင်း ကုမ္ပဏီမှ ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် စက်လှေကားဟောင်းအား ရောင်းချခဲ့ရာတွင် ကျပ်သိန်း (၁၂၅)ခန့်ရရှိခဲ့ကြောင်းကိုလည်းရွှေတိဂုံဘုရားရုံးအဖွဲ့က သိရသည်။


“ရှေ့လထဲမှာစက်လှေကား ပြန်တပ်မယ်။ ဂျပန်ကပစ္စည်းတွေမှာထားတယ်။ ဒီလထဲမှာပစ္စည်းတွေ ရောက်မယ်။   ပြန်ဆောက်လုပ်ပေးမယ့် ကုမ္မဏီနဲ့တော့ ဒီဇင်ဘာ မကုန်ခင်တပ်ပေးဖို့တော့ စာချုပ်ချုပ်ထား တယ်။” ဟု ရွှေတိဂုံ ဘုရားရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။    


ရွှေတိဂုံဘုရားတွင်း အရှေ့ဘက်မုဒ်၊ မြောက်ဘက်မုဒ်၊ တောင်ဘက်မုဒ်များတွင် ဓာတ်လှေကားများရှိပြီး အနောက်ဘက်မုဒ်တွင်မူ စက်လှေကားတပ်ဆင်ထားပြီး ဘုရားဖူးခရီးသွားပြည်သူများ အဆင်ပြေစေရန် တောင်ဘက်မုဒ်တွင် ဓာတ်လှေကားအသစ်(၂)စင်း တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။


လူဦးတက်ရောက်မှုများပြားသည့်အတွက် ရွှေတိဂုံဘုရား တောင်ဘက်မုဒ်တွင် တိုးချဲ့တပ်ဆင်မည့် ဓာတ်လှေကားအသစ်(၂) စင်းအား စက်လှေခါးတပ်ဆင်မှုအပြီးတွင် စတင်၍ တင်ဒါခေါ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။


ရွှေတိဂုံဘုရားသည် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပြီး နိုင်ငံခြားသားခရီးသွားအများဆုံး လာရောက်သောဘုရားတစ်ဆူ ဖြစ်သည့်  အလျောက် ပြီးခဲ့သည့် ဇွန်လပိုင်းတွင် ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမျှော်သူ နိုင်ငံခြားခရီးသွား ဧည့်သည်ဦးရေ (၁၅၅၂၁)ဦးရှိပြီး ယခုလ ဇူလိုင်တွင်မူ ပထမပတ်တွင်း၌ပင် နိုင်ငံခြားခရီးသွား ဧည့်သည်ဦးရေ (၅၈၆၉)ဦး လာရောက်ဖူးမျှော်ခဲ့ကြောင်း သိရှိရသည်။

Ref: မြစ်မခမီဒီယာ



0 comments:

Post a Comment

 
world time