Pages

Monday, July 23, 2012

ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၆)၊ သတင်းယူခြင်းနောက်ကွယ်က အကြောင်းတရားများ


ဇူလိုင်လ ၈ ရက်နေ့က ပြင်သစ်နိုင်ငံ Aix-en-Provence တွင် ကျင်းပသည့် စီးပွားရေးဖိုရမ်မှ ထွက်လာသော အီတလီဝန်ကြီးချုပ် မာရီယိုမွန်တီကို ဂျာနယ်လစ်များက ၀ိုင်းဝန်းမေးမြန်းနေစဉ်
အင်တာဗျူးရာမှာ ဂျာနယ်လစ်တွေဟာ အရွယ်မရောက်သေးသူတွေကို အရွယ်ရောက်ပြီးသူတွေနဲ့ တစ်တန်းတစ်စားထဲထား ဆက်ဆံသင့်သလား။ သတင်းရရေးအတွက် အရွယ်မရောက်သေးသူရဲ့ အကူအညီကို ယူသင့်သလား။


သတင်းရင်းမြစ်ကို အလစ်အငိုက်ဖမ်း၊ အတင်းအကျပ်မေးတာမျိုး လုပ်တာကရော သင့်တော်ရဲ့လား။
သတင်းရင်းမြစ်ကို ပိုက်ဆံပေးတာဟာ ရောကျင့်ဝတ်နဲ့ ညီရဲ့လား။ သတင်းရင်းမြစ်ဆီက လာဘ်ယူမှု မဟုတ်တဲ့ သွယ်ဝိုက်တဲ့ အခွင့်အရေး၊ လက်ဆောင်သဘောမျိုး ရယူမှုကရော ။ သတင်းနဲ့ဆက်စပ်တဲ့ကိစ္စ တစ်စုံတစ်ရာဆိုရင်ရော။
ဒီကိစ္စတွေအတွက် ဂျာနယ်လစ်နဲ့ကျင့်ဝတ် အခန်း(၂) အဖြစ်ရေးခဲ့တဲ့ သတင်းရင်းမြစ်နဲ့ရင်ဆိုင်ခြင်းရဲ့ အဆက်အဖြစ် သတင်းယူခြင်း နောက်ကွယ်က အကြောင်းတရားတွေကို ရေးဖြစ်တာပါ။

အရွယ်မရောက်သေးသူနှင့် အင်တာဗျူး
လူကြီးတွေတောင်မှ မီဒီယာနဲ့ ရင်ဆိုင်ဖို့အတွက် အသင့်မဖြစ်တတ်ကြတော့ အရွယ်မရောက်သေးသူတွေ၊ ကလေးသူငယ်တွေအတွက်ဆိုရင် ပိုပြီးကာကွယ်ပေးဖို့ မသင့်ဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တချို့နိုင်ငံများမှာတော့ ဒီအတွက် ကာကွယ်ပေးမှုတွေ ရှိပါတယ်။ ဗြိတိန်မှာဆိုရင် အသက် ၁၈ နှစ်မပြည့်သေးသူ တစ်ဦးဟာ တရားရုံးမှာ တရားခံအဖြစ် စွပ်စွဲခံရသည်ဖြစ်စေ၊ သက်သေအဖြစ် ထွက်ဆိုရသည်ဖြစ်စေ အဲဒီ့သူကို အမည်မဖော်ဖို့ ဥပဒေကြောင်းအရရော၊ Press Complaint Commission (PCC) ကပါ တားမြစ်ထားပါတယ်။ အဲဒီလို မှုခင်းကိစ္စတွေမှာ ဏဃဃ က အရွယ်မရောက်သေးသူဆိုရင် အမည်မဖော်ဖို့တင်မကဘဲ သူဘယ်သူလည်း ပတ်ဝန်းကျင်က သိသွားနိုင်တဲ့ ဆံပင်ပုံစံမျိုး၊ ၀တ်စားပုံ မျိုးကိုပါ ဓာတ်ပုံထဲမှာ မထင်ရှားစေဖို့ သတိပြုသင့်တယ်လို့ ဆိုပါတယ်။
ထင်ရှားတဲ့မိဘတွေရဲ့ အရွယ် မရောက်သေးသူ သား၊ သမီးဆိုရင်လည်း တစ်ဆက်တည်းပါလာလို့ ဖော်ပြရင်တောင် အသေးစိတ်ဖော်ပြမှုမျိုး မဖြစ်သင့်ဘူးလို့ ဆိုကြပါတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့ကိစ္စဆိုရင်တောင် အဲဒီလိုမိဘများရဲ့ ရင်သွေး တွေအပေါ်မှာ မလိုလားအပ်တဲ့ အန္တရာယ်မျိုးမဖြစ်စေဖို့ သေသေချာ ချာစဉ်းစားသင့်တယ်ဆို  ပါတယ်။
ဥပမာဆိုရရင် ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ သားများအကြောင်းဆိုရင် သူတို့မိဘများနဲ့အတူ တွဲပြီးဘောလုံးပွဲ လာကြည့်တယ်၊ ဘယ်သွားတယ်၊ ဘယ်လာတယ်ဆိုတာ အများလည်း စိတ်ဝင်စားတဲ့ကိစ္စဖြစ်တော့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ ဒီကလေးတွေ ကျောင်းမှာ ဘယ်လိုနေတယ်၊ စာတော်၊ စာညံ့တယ်၊ ရန်ဖြစ်တယ်ဆိုတာမျိုးတွေနဲ့ ပြန်ပေးဆွဲ ငွေတောင်းသူတွေ အလွဲသုံးနိုင်လောက်တဲ့ သတင်းအချက်အလက်မျိုးဆိုရင်တော့ မဖော်ပြကြပါဘူး။ အဲဒီလို ဖော်ပြမိတဲ့ တက်ဘလွိုက် သတင်းစာတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကြသလို  တချို့နိုင်ငံတွေမှာဆိုရင် ဥပဒေကြောင်းအရပါ ပြဿနာရှိ လာပါတယ်။
အရွယ်မရောက်သေးသူကို မိဘ၊ အုပ်ထိန်းသူ ခွင့်ပြုချက်မရဘဲ အင်တာမဗျူးသင့်ဘူးလို့လည်း ဆိုကြပါတယ်။ မလွှဲသာလို့ ဗျူးခဲ့တယ်ဆိုရင်တောင် မိဘအုပ်ထိန်းသူထံ အကြောင်းကြားတာ၊ ကိုယ့်လိပ်စာကတ်ကိုပေးထားပြီး ဆက်သွယ်အကြောင်းပြန်ဖို့ ပြောခဲ့တာလောက် တော့ လုပ်ရပါမယ်။ ထင်မြင်ချက်ကို မေးတဲ့မေးခွန်းတွေမှာလည်း အရွယ်မရောက်သေးသူရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ကျော်လွန်တာမျိုးဆိုရင် မမေးအပ်ပါဘူး။ ဘယ်အဆိုတော် ကြိုက်သလဲ၊ ကြီးလာရင် ဘာလုပ်မှာလဲ ဆိုတာလောက်ကတော့ ရပါတယ်။
နောက်တစ်ချက်က သတင်းရဖို့အတွက်ကလေးရဲ့ အကူအညီယူတာကနေ အသုံးချတဲ့ ကိစ္စအထိပါ။ အဲဒါဟာ သဘောရိုးနဲ့ဖြစ်ဖြစ်၊ ဖွင့်ချဖော်ထုတ်ဖို့ ကိစ္စတွေအတွက် သုံးတာပဲဖြစ်ဖြစ် မလုပ်သင့်ပါဘူး။
ခြုံခိုအင်တာဗျူး၊ တံခါးဝအင်တာဗျူး
ရာဇ၀တ်မှု ကျူးလွန်တယ်၊ မဟုတ်တာလုပ်ထားတယ်လို့ စွပ်စွဲခံထားရသူ၊ ယူဆရသူတွေကို  ဂျာနယ်လစ်တွေက ခြုံခိုအင်တာဗျူး ခေါ်ရမဲ့ အလစ်စောင့်ပြီး မေးတာလုပ်တတ်ကြပါတယ်။ ဖြေဖို့ခက်တဲ့ အငိုက်ဖမ်းမေးခွန်းတွေနဲ့ သတင်းရင်းမြစ်ကို ရင်ဆိုင်တာမျိုးက ကြည့် တော့ လုပ်ရပါမယ်။ အနည်းဆုံး သတင်းထောက် နှစ်ယောက်တော့ ပါဖို့လိုပါမယ်။ တခြားမရှိပါဘူး။အရိုက်ခံရမှာ စိုးလို့ပါ။
ထင်ရှားသူ၊ ပြောပိုင်ခွင့်ရှိသူ၊ တာဝန်ရှိသူကိုပဲ အိမ်တံခါးဝ၊ လှေကားဝက စောင့်မေးတာမျိုးက သတိထားရပါမယ်။ ပိုင်နက်ကျူးကျော်မှု မဖြစ်စေဖို့၊ ကိုယ်ရေးလုံခြုံမှုကို နှောင့်ယှက် စော်ကားတာမျိုးမဖြစ်စေဖို့ သတိထားရပါမယ်။ မဖြေဘူးဆိုရင် အတင်းအကျပ် လိုက်လုပ်ဖို့ မသင့်ပါဘူး။
သတင်းရင်းမြစ်ကို ပိုက်ဆံပေးသင့်သလား
တက်ဘလွိုက် သတင်းစာတွေကတော့ အဲဒါမျိုးမကြာခဏဆိုသလိုပဲ လုပ်တတ်ပါတယ်။ ပင်မရေစီးကြောင်းက သတင်းစာကြီးတွေကိုယ်တိုင်လည်း သတင်းပေးတွေကို ငွေပေးတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့အဲဒါဟာ ငွေပေးပြီး သတင်းကို လက်ဝါးကြီးအုပ်တာ၊ သတင်းရင်းမြစ်က ငွေရချင်လို့ လုပ်ကြံချဲ့ကားပြီး ပြောတာမျိုးဖြစ်သွားနိုင်တာမို့ သတိထားရမဲ့ ကိစ္စဖြစ်သလို အခြေအနေပေါ်မူတည်ပြီး ကျင့်ဝတ်နဲ့ ညီ၊ မညီဆိုတာ အငြင်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ 
ကျင့်ဝတ်ပိုင်းအရ ရာဇ၀တ်မှုနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ သက်သေတွေ၊ စွပ်စွဲခံရသူတွေကို ငွေပေးပြီး သတင်းယူတာကတော့ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဂျာနယ်လစ် အဖွဲ့အစည်းတွေက အထင်အရှား ဆိုကြပါတယ်။ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ သဘောမျိုး သက်ရောက် မှာစိုးတာက အဓိကအချက်ပါ။ အမှုအကြောင်းအရာအပေါ် မလျော်သြဇာ မသက်ရောက်တော့၊ လမ်းမလွဲစေတော့သလို၊ အများပြည်သူအကျိုး စီးပွားနဲ့ဆိုင်တယ်လို့ ဆုံးဖြတ်နိုင်တဲ့ ကိစ္စဆိုရင်တော့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ကြပါတယ်။

လက်ဆောင်ပေး၊ အခွင့်အရေးပေးရင် အကောင်းရေးပေးတယ်ဆိုတာကတော့ လုံးဝကို ကျင့်ဝတ်နဲ့မညီသလို စာဖတ်ပရိသတ်လည်း စော်ကားရာရောက်၊ ကိုယ့်သတင်းမီဒီယာကိုသာမက မီဒီယာလောကကိုပါ အထင်အမြင်သေးစရာ ဖြစ်စေတဲ့ကိစ္စပါ
သတင်းရင်းမြစ်ဆီက ပံ့ပိုးမှု
သတင်းရင်းမြစ်ဆီက လာဘ်ယူတာကတော့ ဘယ်လိုမှကျင့်ဝတ်နဲ့ မညီတာသေချာပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက ရှုပ်ထွေးပါတယ်။ ရှုပ်တဲ့နှစ်ချက်ရှိပါတယ်။ ပထမက junket လို့ ခေါ်တဲ့ လက်ဆောင် သဘောမျိုး ပိုက်ဆံမယူဘဲ အခမဲ့ ပေးတဲ့ ကုန်ပစ္စည်း၊ ဒါမမဟုတ် ၀န်ဆောင်မှုကို ယူတာပါ။ နောက်တစ်ချက်က freebie လို့ခေါ်တဲ့ ကိစ္စတစ်ခုကို ပရိုမိုးရှင်းလုပ်ဖို့ ပေးတဲ့စရိတ် ငြိမ်းခရီးစဉ်မျိုးပါ။ ပြည်ပခရီးစဉ် အခမဲ့၊ ဟိုတယ်အခမဲ့၊ စာအုပ်အခမဲ့၊ ရုပ်ရှင်လက်မှတ် အခမဲ့ဆိုတာမျိုးပါ။
အဲဒီမှာ ဘယ်လိုဆိုရင်ကျင့်ဝတ်အရ မသင့်တော်ဘူးလို့ ပြောနိုင်မလဲဆိုတာက ရှင်းရမဲ့အချက်ပါ။ ဗြိတိန်က ထင်ရှားတဲ့ ဂျာနယ်လစ်ဂျွန်ဝီလ်ဆင်ပြောတဲ့ အချက်ကတော့ Freebie ဓလေ့မှာ သတိပြုရမဲ့အချက်ပါ။
''အချိန် တော်တော်များများမှာတော့ ဒါက အန္တရာယ်မရှိသလိုပါပဲ။ တစ်ခါတရံမှာတော့ အယ်ဒီတာရဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းကို လျော့လျဲစေတာကြောင့် အများပြည်သူအကျိုးကို ထိခိုက်လာနိုင်ပါတယ်။ သင့်တော်တဲ့ ဂျာနယ်လစ်ရပ်တည်မှုကတော့ ဘယ်လိုအရာတွေ လက်ခံရရှိထားတယ်၊ အဲဒီလိုပေးတဲ့အတွက် ဘယ်လိုကြိုတင်ပြဋ္ဌာန်းချက်ကိုမှ လက်မခံဘူး၊ ဘယ်လိုအယ်ဒီတာ့ အမြင်မျက်နှာသာပေးမှုမှ မပေးဘူး၊ တင်ဆက်မှုဟာ လွတ်လပ်စွာပဲရှိနေရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းရှိအောင် လုပ်ထားရပါမယ်'' ရှင်းအောင်ပြောရရင် စာအုပ်အညွှန်းအတွက် စာအုပ်လက်ဆောင်ပေးတာ၊ ရုပ်ရှင်အညွှန်းအတွက် ရုပ်ရှင်လက်မှတ်ပေးတာ၊ အတင်းအကျပ်ငြင်းဖို့၊ လက်မခံဖို့ ခက်ပါတယ်။ ခရီးစဉ်များနဲ့ ပတ်သက်လို့လည်း ဗြိတိန် Guild of Travel Writers က ချမှတ်ထားတဲ့ Code of Conduct က လက်ခံလောက်ဖွယ်ပါ။ ပိုက်ဆံပေးတာနဲ့ ခရီးသွားကုမ္ပဏီတွေအတွက် ပရိုမိုးရှင်းလုပ်ပေးတာကိုတော့ လုံးဝ ပိတ်ပင်ထားပါတယ်။ ခရီးစဉ်သွားဖို့ လက်ခံမယ်ဆိုရင် ဒီခရီးစဉ်အပေါ် ဂျာနယ်လစ်က သုံးသပ်ဆုံး ဖြတ်ရာမှာ ဘယ်လိုမှ လွှမ်းမိုးမှုမရှိပါဘူး ဆိုတဲ့အချက်ကို စီစဉ်ပေးသူ၊ အဖွဲ့အစည်းကို နားလည်အောင် ပြောထားပြီး ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။ 
ဒီရုပ်ရှင်ကြည့်ရလို့၊ ဒါစာအုပ်ရလို့၊ ဒီခရီးသွားရလို့ အဲဒါကိုရေးပေးမယ်လို့ အာမခံပြီး အဲဒီ့အခွင့်အရေးကိုယူတာဟာ ကျင့်ဝတ်ပိုင်းအရ မလျော်ညီပါဘူး။
အကောင်းဘက်ကချည်းလိုက် ရေးပေးတာ၊ ဘက်လိုက်တာ၊ အဲဒီလို အခွင့်အရေးရဖို့ ဘယ်လိုတော့ဖြင့် ရေးပေးပါ့မယ်လို့ အာမခံလိုက်တာကတော့ ပိုဆိုးပြီပေါ့။ သတင်းတင်ဆက်ဖို့ လိုအပ်တဲ့အခြေအနေထက်ပိုတဲ့ အခြားအခွင့်အရေးထူးတွေ ပိုယူတာဟာလည်း ကျင့်ဝတ်နဲ့ မညီပါ ဘူး။ လက်ဆောင်ပေး၊ အခွင့်အရေးပေးရင် အကောင်းရေးပေးတယ်ဆိုတာကတော့ လုံးဝကို ကျင့်ဝတ်နဲ့ မညီသလို စာဖတ်ပရိသတ်လည်း စော်ကားရာရောက်၊ ကိုယ့်သတင်းမီဒီယာကိုသာမက မီဒီယာလောကကိုပါ အထင်အမြင်သေးစရာ ဖြစ်စေတဲ့ကိစ္စပါ။
ကိုယ်ကျိုးစီးပွားအတွက်ပါ အကျိုးရှိမဲ့ အခွင့်အရေးမျိုးကတော့ ပြောဖို့တောင် မလိုပါဘူး။ ကော်ဖီ တစ်ခွက်၊ လက်ဖက်ရည်တစ်ခွက် ဆိုရင်တောင်မှ ပေးသူက အမြင် မကြည်တဲ့အခါကျရင် တခုတ်တရ ပြောတတ်ကြတာမို့ အတတ်နိုင်ဆုံး ပေးတာယူ၊ ကြွေးတာစား၊ ခိုင်းတာရေး မဖြစ်အောင် သတင်းအတွက် လိုအပ်တာထက်ပိုတဲ့ ပံ့ပိုးမှုမျိုးကို မယူမိကြဖို့ လိုပါတယ်။

 Ethics for Journalists By Richard Keeble ,ဇေ၀င်းနောင်

0 comments:

Post a Comment