Pages

Sunday, July 20, 2014

`ခေတ် အဆက်ဆက် အရစ်တက်တဲ့ရွှေ´အာဇာနည်နေ့ ဂုဏ်ပြုစာ


RangonNewsDaily:: July . 20 .2014
မန္တလေး..................
မင်းဘာမှ ထပ် မ လုပ် နဲ့
ရာဇာက်ကို ငါတို့ဆီ ပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။
::
ကျောင်းဆရာ ရာဇာက်....................
`မင်းတို့အင်္ဂလိပ်ကျောင်းက
မင်းတို့သစ္စာခံမယ့် ICS တစ်ယောက်ထွက်ရင်
ငါ့အမျိုးသားကျောင်းက
မင်းတို့နယ်ချဲ့ကို တော်လှန်မယ့်
သူပုန် ဆယ်ယောက် ထွက် ရ မယ်´....တဲ့
`မင်းတို့ကျောင်းက အင်္ဂလိပ် ဘုန်းတော်ဘွဲ့ကို
ငါတို့ မဆို
ကမ္ဘာ မ ကြေ ကို ပဲ ငါတို့ဆိုမယ်´..
ဆရာ့ကျောင်းက ကမ္ဘာမကြေသံ
ခုထိ
တစ်တိုင်းပြည်လုံး ညံဆဲ။

ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင် ရာဇာက်..........
သတင်းရရင် ဖမ်းသတ်မှာ သိပါလျက်
တော်လှန်ရေးကို အသက်စွန့်လုပ်
အပြုတ်တိုက်မယ့်မာန်
`မြန်မာပြည်ရဲ့ အသက် က
ငါ့အသက်ထက် ပိုတန်တယ်´
သြော်...
ခင်ဗျား တပည့်တွေကို ခွင့်လွှတ်လိုက်ပါဆရာ
လွတ်လပ်ပြီးရင် ဝင်ထိုင်ဖို့ 
ခေါင်းဆောင် နေရာ အလု
ဗိုလ်ကု(ဥူးကုသလ) စကားတစ်ခွန်းတည်းနဲ့
ကျုပ်တို့ကျေနပ်တယ်...
::
ဟုတ်သားပဲ ဆရာရယ်
ခင်ဗျား မွတ်စလင်ဖြစ်တာ အပြစ်မှ မဟုတ်တာ...

ဝန်ကြီးရာဇာက်....................
အမျိုးသားပညာရေးနဲ့စီမံကိန်းအရပ်ရပ်ကို
လုပ်ခွင့်မရတော့ပေမယ့်
ခင်ဗျားချတဲ့ မျိုးစေ့ 
အပင်ပေါက်တယ် ဝန်ကြီး။

အဓိပတိကြီး.........................
ကျုပ်တို့ ဂုဏ်ယူပါတယ်
ခင်ဗျားတည်သွားတဲ့ မန်းတက္ကသိုလ်ကြီးက
ကျုပ်အဖိုး က နေ ကျုပ် သား အထိ
လေးဆက်ရှိတာတောင်
ပညာနို့ အတိုက် မပျက်ခဲ့တဲ့
လူ ၁၀သန်း ကျော် ရဲ့ အ မေ ပဲ...
::
အာဇာနည် ဦးရာဇာက်....
ကျည်ထိလို့ သွေးစက်လက်ကျ
သေရမှာ နီးလို့ အ ရေး တကြီး 
ပြောတဲ့စကား နားထောင်ကြည့်တော့
`ကျုပ် က အရေးမကြီးဘူး
ဗိုလ်ချုပ်ဆီ သွားကြ´...တဲ့
နောက်ဆုံးစကားပါပဲဗျာ။

ဦးစော......................
ခင်ဗျားကို ဘယ်တော့မှ မမေ့ပါဘူး
ချစ် လွန်း လို့ တော့ ဘယ် ဟုတ် မ တုန်း ဗျ
ဒါပေမယ့်...အားမငယ်ပါနဲ့
ဒီခေတ်မှာလည်း ခင်ဗျားနဲ့ ပါဝါတူတွေ
ဒုနဲ့ဒေး။
::
မြန်မာ မွတ်စလင်..................
မင်း ဘာမှ ထပ်မလုပ်ပါနဲ့
မင်းတို့ရဲ့ ရင် သွေး 
၁၉နှစ်သားလေး မောင်ထွေးကို
ငါတို့ဆီ ပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။

မောင် ထွေး................
ခင်ဗျားက က လေး ပါ
အင်္ဂလိပ်ကိုမြင်ရင်
ငါတို့ကို ကျွန် လုပ် တယ် ဆို ပြီး
ကောက်ပေါက်ခဲ့တဲ့
ခင်ဗျားလေးရဲ့ ကျောက်ခဲလုံးတွေ
ကျုပ်တို့ မန္တလေးရဲ့ လမ်းတိုင်းမှာ
ဌာပနာထားတယ်
တကယ်ဆို
ဒီလမ်းတွေက
အမျိုးဘာသာ ကျောသားရင်သားမခွဲ
သွေးစည်းညီညွတ်ခြင်းဆီ
ချီတက်ရမယ့် လမ်းတွေဆိုတာ
ကျုပ်တို့နားလည်ပါတယ် မောင် ထွေး...
::
မောင် ထွေး..................
ခင်ဗျား အ ဖေ
M.Ali ဦးကိုကိုလေး ပြောဖူးတယ်
`ကျုပ် သား လေး ရဲ့ ရင်ထဲမှာ
နယ်ချဲ့ကို တွန်းလှန်ချင်စိတ် က
အမြဲကိန်းအောင်းနေတယ်
အာဇာနည်ကြီးများနဲ့အတူ ကျဆုံးချိန် အထိ
သူ့ရဲ့ အိပ်ကပ်ထဲမှာ လက်နက်ဝယ်ဖို့
သူစုထားတဲ့ ငွေလေးတွေ ရှိနေတယ်´...တဲ့
သူ့သွေးတွေ ပေကျံလျက် ဖြစ်နေမှာကို
မြင်ကြည့်ကြပါ.....

အားလုံးသော အာဇာနည်ကြီးများခင်ဗျာ.........
ခင်ဗျားတို့ရဲ့ သွေးနဲ့ရေးသွားတဲ့သမိုင်းက
ခံစားတတ်ရင် ရင်ကွဲလောက်တယ်။
ကျုပ်တို့ တစ်တိုင်းပြည်လုံး
မျက်ရည်မသုတ်ဘဲ အလေးပြုနေတာများ
ခင်ဗျားတို့မြင်ခွင့်ရခဲ့ရင်
ငါတို့ သေရကျိုးနပ်ပဟေ့ ဆိုပြီး
ပြုံးနေကြမှာလားသိချင်စမ်းပါဘိတော့.....
::
Writer ::Michael Linn 

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment