Pages

Sunday, September 27, 2015

မြောက်ဥက္ကလာပဆေးရုံတွင် လူနာစောင့်များ၏ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များ ခိုးယူသောအဖွဲ့ကို ဖမ်းမိ

RangonNewsDaily:: September . 27 .2015
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ ၂၃ ရက် နံနက် ၂ နာရီက သီတာဆောင်ရှိ လူနာစောင့်များ၏ လက်ကိုင်ဖုန်းများ အခိုးခံရမှုကို လှည့်ကင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာမှ ဆေးရုံအတွင်း လူနာစောင့်များထံမှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များ လှည့်လည်ခိုးယူနေသောအဖွဲ့မှ အမျိုးသားနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဆေးတက္ကသိုလ် (၂) ရှေ့တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဆေးရုံမှာ လူနာစောင့်တွေ မကြာခဏ ပစ္စည်းတွေ ပျောက်နေတာကြာပြီ။ တိုင်ကြားမှု နောက်ကျလို့ ခိုးမှုကျူးလွန်သူတွေကို အချိန်မီ မဖမ်းနိုင်ခဲ့တာ။ အခု ဖုန်းပျောက်သူတွေက ချက်ချင်းတိုင်ကြားတာကြောင့် ဆေးရုံနားမှာရှိတဲ့ လှည့်ကင်းအဖွဲ့ထံ သတင်းပို့ပြီး မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးခိုင်းရာက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိခဲ့တာ။ ယခင်ပြစ်မှုဟောင်းတွေ ရှိမရှိကို ဆက်လက်စစ်ဆေးနေတယ်” ဟု မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ခိုးမှုကျူးလွန်သူဟု ယူဆရသူများမှာ မြောက်ဥက္ကလာပ မြို့နယ် (စ) ရပ်ကွက်ရှိ ကျူးကျော်အိမ်များတွင် နေထိုင်သော အသက် ၁၈ နှစ် အရွယ်ရှိ ဖြိုးသက်ပိုင်နှင့် အောင်ခန့်ဝေတို့ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ ယင်းနေ့က သီတာဆောင်ရှိ ခုတင်အမှတ် (အေ-၄) မှ လူနာစောင့်များ၏ လက်ကိုင်ဖုန်း သုံးလုံးကို လူနာစောင့်များ သန့်စင်ခန်းသွားနေစဉ် ခိုးယူပြီး ထွက်ပြေးရာမှ လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းထံမှ သိရှိရသည်။

“ပြစ်မှုနဲ့ ဆက်နွှယ်နေသူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။ ဆေးရုံထဲမှာ လူနာစောင့်တွေရဲ့ ပစ္စည်းတွေ မကြာခဏ ခိုးခံနေရတာကြောင့် ဆေးရုံ လုံခြုံရေးဝန်ထမ်းတွေကို ညဘက်အပြင် နေ့ဘက်ပါ ဧည့်တွေ အဝင်အထွက်တွေကို သတိထားဖို့နဲ့ လူနာစောင့်တွေကိုလည်း မိမိပစ္စည်းတွေကို မပျောက်အောင် သတိထားစောင့်ကြည့်ကြဖို့ နေ့တိုင်း မှာကြားနေပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံများတွင် လူနာစောင့်များ၏ ပစ္စည်းများ ခိုးယူခံရမှု မကြာခဏ ဖြစ်ပွားနေသောကြောင့် ပြစ်မှုတစ်ခု ဖြစ်ပွားပါက မသင်္ကာသူများကို အမြန်ဆုံးခြေရာခံ စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဆေးရုံအဆောင်များ၏ ဝင်/ထွက် ဂိတ်ပေါက်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment