Pages

Sunday, June 14, 2015

ဗိုလ်လုပွဲ တက်ရောက် သွားသည့် မြန်မာ အသင်းအတွက် ဂုဏ်ပြုစကားသံများ


RangonNewsDaily:: June . 13 .2015
စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ၂၈ ကြိမ်မြောက် အာဆီယံ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲ တက်ရောက် သွားခဲ့ပြီဖြစ်သည်။ ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်သော မြန်မာဘောလုံးအသင်းအတွက် ဂုဏ်ပြု စကားသံများကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါသည်။

ဦးခင်မောင်ထွေး (ပျဉ်းမနား)
အားကစားကလောင်ရှင်
ဒီနေ့ပွဲနိုင်တာ ကောင်းတယ်၊ကံတရားကလည်း ပါတာပေါ့၊ ကျနော်တို့အသင်းက ဂိုးသမားလေးအရမ်းကောင်း ခဲ့လို့ နိုင်တာ ဖြစ်တယ်၊ ခံစစ်ပိတ်ကစားဖို့ပြင်ဆင်ခဲ့ပေမယ့် မပြီပြင်ဘူး၊နောက်မှာ နေရာတွေထပ်နေတယ်၊ ဘော လုံးက ထွက်ရမယ့်နေရာတွေမှာ မထွက်ဘူး၊ ဒါကစိုးရိမ်စရာပါ၊ နောက်ပွဲအတွက်ဆို ဒီထက်ပိုကြိုးစားရလိမ့်မယ်၊ ဒီနေ့နိုင်ပွဲ အတွက် ပရိတ်သတ်အားလုံးပျော်ကြတဲ့အထဲ ပြည်တွင်းက ပရိတ်သတ်တွေပျော်ရတာကို ပိုဝမ်းသာ တယ်။

ရန်ကုန်မှာလည်း တီဗီဘုတ်တွေထောင်ပြီး ပြကြတယ်၊ ဒါတွေက အမြတ်ပဲ။ နောက်တခုက ပွဲပြီးခါနီး အ၀ါကတ်တွေ အပြခံ ရတာနဲ့ပတ်သက်လို့လည်း ကျနော်အသင်းပဲလုပ်တာမဟုတ်ပါဘူး၊ အသင်းတိုင်းလုပ်ကြတာပါပဲ၊ ဒါပေမယ့် ကျနော်တို့က နည်းနည်း ပိုများသွားတာပါ။ ဒါဟာ တဖက်အသင်းကို စိတ်ဓာတ်စစ်ဆင်ရေးတော့ ရတာပေါ့၊ သိပ်များသွားရင်တော့ မကောင်း ဘူး၊ အ၀ါတွေ အရမ်းများတာက စိုးရိမ် စရာကောင်းပါတယ်၊ ဒါကို တာဝန်ရှိသူတွေက သေချာပြောပြဖို့လိုတယ်။ ကျနော်တို့ ကလေးတွေမှာလဲ စိုးရိမ်စိတ်များနေတဲ့ပုံစံဖြစ်နေတယ်။ အဲ့အတွက် သူတို့ကိုလည်း အပြစ်တင် လို့မရ ဘူး။

သူတို့ကအခုမှ နိုင်ငံတကာပြိုင်ပွဲ ကစားနေရတာပါ။ ဒီအဆင့်အထိ လုပ်နိုင်တာကိုပဲ သူတို့ကို ကျေးဇူး တင်ပါတယ်။ ဗိုလ်လုပွဲမှာ ဗိုလ်စွဲဖို့ဆိုရင်တော့ ဒီထက်ပိုကြိုးစားရလိမ့်မယ်။ ပရိတ်သတ်တွေကြောင့်လည်း နိုင်ချေ များ ပါတယ်။ကျနော့အနေနဲ့တော့ နိုင်မယ်လို့သေချာပေါက် မပြောရဲပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း လက်ရွေးစင် ၃ သင်းစလုံး နိုင်ငံတကာပြိုင်ပွဲတွေမှာ တပြိုင်တည်း ၀င်ပြိုင်နိုင်ဖို့ မလုပ်နိုင်သေးပါဘူး။ ဒီကြားထဲကပဲ ယူ-၂၃ အသင်း က ဆီးဂိမ်း မှာ ဒီလောက်လုပ်နိုင်လာတာကိုပဲ ကျေးဇူးတင်ပါတယ်။

ဦးဆန်းဝင်း
မန်နေဂျာ၊ ချင်းယူနိုက်တက်အသင်း
ဘာပဲပြောပြော ကလေးတွေကြိုးစားကစားခဲ့ကြတယ်၊ အဲ့လိုကြိုးစားမှုနဲ့မှုအတူ ကံတရားကလည်း ကိုယ့်ဘက် ပါလာတာပါပဲ။ သူတို့တွေ ပွဲပြီးသည်အထိ နိုင်လိုစိတ်ပြင်းတဲ့အတွက် အနိုင်ရရှိခဲ့တာပဲ။ ဗီယက်နမ် ဆိုတာကလည်း အာဆီယံမှာအင်အားကြီးအသင်းတသင်းပဲလေ။ သူတို့ကသာမှန်းသိလို့ ဖွင့်အစားလာတဲ့ အခါ ဒီလိုပဲခံစစ်ကနေ ပိတ်ပြီးတုံ့ပြန်ကစားရတာပါပဲ။ အဲ့လိုကစားတဲ့နေရာမှာ အမှားလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဗိုလ်လုပွဲမှာ ကျနော် အသင်း ဗိုလ်စွဲဖို့အတွက်ဆိုရင် ဒီထက်ပိုကြိုးစားကြရပါမယ်။ တဖက်က ထိုင်းတက်လာမယ်ဆိုရင် သူက ဗီယက်နမ်လို မဟုတ်ဘူး။ အငြိမ်ဆော့တဲ့အသင်းပဲ။ ကျနော်တို့အနေနဲ့ အခုလိုပဲ နိုင်လိုစိတ်ပြင်းပြင်းနဲ့ ကြိုးစားကစာကြမယ်ဆိုရင် အနိုင်ရရှိမှာပါ။ ဒီနေ့နိုင်ပွဲအတွက်တော့ ကျနော်ပျော်နေပါတယ်။

ဦးဝင်းသူမိုး
နည်းစနစ် ဒါရိုက်တာ၊ ရန်ကုန်ယူနိုက်တက်အသင်း
ကျနော်တို့အသင်း ကစားပုံမှန်ကန်ခဲ့တယ်၊ ဗီယက်နမ်က အသင်းကောင်းတသင်းဖြစ်တဲ့အတွက် ခံစစ်ပိုင်းကို ပြင်ဆင်ပြီး ကစားသွားတာ ကောင်းပါတယ်။ ဂိုးသမားလည်း အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ကနေ တိုက်စစ်ကို ကောင်တာ ကစားတဲ့နေရာမှာတော့ သေချာမလုပ်နိုင်ခဲ့ကြဘူး။ 

ဒီနေ့နိုင်ပွဲအတွက် အဓိကကျတဲ့ အချက်ကတော့ စင်္ကာပူက ပရိသတ် တွေနဲ့ တနိုင်ငံလုံးက ပရိတ်သတ်တွေပဲ။ သူတို့ကြောင့်ပဲ အုပ်စုအဆင့်ပွဲတွေမှာ အနိုင်ရခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါတွေက ကစားသမားတွေအတွက် စေ့ဆော်မှုတွေပါ။ ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းမှာလည်း ကောင်းမွန်ပြီး နောက်ဆုံး အထိ မဆုတ်မနစ်ကစားသွားကြတာ တွေ့ရတယ်။ တဖက်မှာက ထိုင်းကတက်လာနိုင်ချေများနေတယ်။ 

ထိုင်းသာ တက်လာခဲ့ရင် သူတို့က ကစားသမားအားသာတယ်၊ ဒါပေမယ့်လည်း ဘောလုံးမှာ ဘာမဆိုဖြစ်သွား နိုင်ပါတယ်။ ကံကြမ္မာကတော့ ကျနော်တို့အလှည့်ပေးလာတော့မယ် မျှော်လင့်ပါတယ်။ ကစားသမားလေးတွေရဲ့ မဆုတ်မနစ် ကစားတတ်တဲ့ စိတ်ဓာတ်ကြောင့် ဗိုလ်လုပွဲမှာလည်း အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

ဦးခင်မောင်လတ်
ဥက္ကဋ္ဌ၊ KBZ FC
ဒီနေ့ပွဲမှာ ဗီယက်နမ်အသင်းက ကစားတာသွားတာ သာပါတယ်၊ ကျနော်တို့က နည်းဗျူဟာပိုင်းမှာ သာသွားတာပါ။ ဒီပွဲမှာ အဓိကကျခဲ့တာက ဂိုးသမားပါ။ သူက သေချာပေါက်ဂိုးနိုင်တဲ့ ၅ကြိမ်လောက်ကို ကာကွယ်သွားနိုင်တာပါ။ တခုပဲ မကောင်း လိုက်တာက ပွဲပြီးခါနီးမှာ အချိန်ဆွဲလို့ အ၀ါကတ်တွေအပြခံလိုက်ရ တာပါ။ နောက်ပွဲတွေအတွက် မကောင်းပါဘူး။ ကျနော် အနေနဲ့လည်း ဒါမျိုးကိုမကြိုက်ဘူး။ အချိန်ဆွဲချင်ရင် တခြားနည်းတွေနဲ့ အချိန်ဆွဲလို့ရပါတယ်။ 

အချိန်ပိုလေး မိနစ်လောက်မှာ သုံးဝါလောက်အပြခံလိုက်ရတာ မဖြစ်သင့်တော့ပါဘူး။ ဒီလိုအကျင့်တွေဟာ မြန်မာနေရှင်နယ်လိဂ် (MNL)မှာ လည်း ဖြစ်နေတာတွေရှိပါတယ်။ နောက်ပြီး ကျနော်တို့အသင်းမှာက ပထမကစားသမားနဲ့ အရန် ကစား သမားတွေရဲ့အရည်အသွေး ကွာခြားမှုရှိတဲ့ အတွက် ဒီအ၀ါကတ်ပြခံရတာတွေ နောက်ပွဲပါသွားမှာ စိုးရိမ်ပါတယ်။ 

ဗိုလ်လုပွဲ မှာတော့ တဖက်က အင်ဒိုနီးရှား အသင်းတက်လာရင်တော့ အနိုင်က ကျနော်တို့လက်ထဲမှာ ၉၀ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဒီအဆင့်တွေရောက်လာပြီဆိုရင် မန်နေဂျာတွေရဲ့ အားပြိုင်တဲ့အဆင့်ဖြစ်လာပါပြီ။ ဒီနေ့လို နည်းဗျူဟာ အတိုင်း ကျနော်တို့ကောင်းကောင်းကစားနိုင်ရင်တော့ ဗိုလ်စွဲနိုင်ချေများပါတယ်။ ကျနော်အနေနဲ့လည်း ဗိုလ်စွဲဖို့ကို ဆုတောင်းနေပါတယ်။

ဦးမျိုးလှိုင်ဝင်း
မြန်မာဘောလုံးလက်ရွေးစင်ကစားသမားဟောင်း
ကျနော်တို့ကလေးတွေ တပွဲထက်တပွဲ ကောင်းကောင်းကစားလာနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့နိုင်ပွဲမှာတော့ ကံတရား ရဲ့ဖေးမမှုလည်း ပါခဲ့ပါတယ်။ နည်းပြကစားခိုင်းတဲ့ နည်းဗျူဟာအတိုင်း သူတို့တွေကောင်းကောင်း ကစာနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ကိုယ့်ထက်အင်အားကြီးတဲ့ ဗီယက်နမ်အသင်းကို တပွဲလုံး မာမာထန်ထန်နဲ့ ခံစစ်ကနေကစားသွားပြီး အနိုင် ရရှိခဲ့တာပါ။ 

သူတို့ရဲ့ နိုင်လိုစိတ်နဲ့ ပွဲတပွဲကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနေတဲ့ အတွက် ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲမှာ ပရိသတ် အားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ရွှေတံဆိပ်ကို ရယူနိုင်မှာပါ။ ခုလိုဗိုလ်လုပွဲအထိရောက်အောင် ကြိုးစားကစားပေးခဲ့ကြတဲ့ ယူ-၂၃ အသင်းအတွက်လည်း ဂုဏ်ယူပါတယ်။

ကိုသိဒ္ဒိအောင်
လက်ဝှေ့အားကစားသမားဟောင်း
ကျနော်တို့မြန်မာအသင်း ဒီနေ့အနိုင်ရခဲ့တဲ့အတွက် အရမ်းကောင်းပါတယ်။ ကျနော်တို့အသင်း ကစားတာနိမ့်ပေမယ့် တပွဲလုံး ကောင်းကောင်း ကစားသွားနိုင်လို့ အနိုင်ရရှိတာလို့ အနိုင်ရခဲ့တာလို့ပဲ ပြောရမယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ အချိန်ဆွဲ တဲ့ပုံစံမျိုးတွေကိုတော့ အားမပေးပါဘူး။ ဒီလိုမျိုးက ကမ္ဘာ့အဆင့် ကစားသမားတွေတောင် လုပ်နေကြ တာပဲဆိုပေမယ့် ကြည့်ကောင်းအောင်လုပ်ဖို့တော့လိုပါတယ်။ ဒီနေ့ပွဲမှာ နည်းနည်းများသွားတယ်တော့ထင်တယ်၊ 

ဒါဟာနိုင်ငံ တနိုင်အနေနဲ့ရော ရှက်စရာကောင်းပါတယ်။ဒီလိုမျိုးတွေ မလုပ်စေချင်ပါဘူး။ နောက်ပြီးဗိုလ်လုပွဲမှာလဲ ဘယ်အသင်းပဲ တက်လာလာ ခက်ခက်ခဲခဲကစားရမှာပါ။ ထိုင်းတက်လာရင်တော့ ပိုခက်မှာပါ။ ဗိုလ်စွဲမစွဲတာ နိုင်တာ မနိုင်တာကို ထားဦး။ ကျနော်တို့မြန်မာအသင်း ဒီနေ့ကစားသွားတဲ့ပုံအတိုင်းပဲ အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်ဖို့မျှော်လင့်ပါတယ်။ မြန်မာတယောက်အနေနဲ့တော့ ဗိုလ်စွဲချင်ပါတယ်။
ဧရာဝတီ ,
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment