Pages

Sunday, July 31, 2022

ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မန္တလေး PDF တိုက်ခိုက်



RangonNewsDaily::July 31, 2022

မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်များအတွင်း စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်ကောင်စီတပ်များကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) က စောင့်ကြိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်သည်။



တိုက်ပွဲမှာ ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်ထိ တကြိမ်၊ ဇူလိုင် ၂၈ ရက်တွင် တကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေး PDF ၏ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များမှာ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး PDF များဘက်က ထိခိုက်သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက စစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်နယ် နောင်ချိုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၅၀၉) တပ်ရင်းအပြင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ အမှတ် ၇၁၇ တပ်ရင်းလည်း ပါဝင်ကြောင်း ဆိုသည်။

တိုက်ပွဲမှာ နောင်ချိုမြို့နယ်ထဲရှိ ဒိုးပင်၊ ဟိုခိုနှင့် နားကြိုင်းဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း PDF များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း ပြောသည်။

0 comments:

Post a Comment