Pages

Wednesday, July 27, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ရန်ကုန် အင်းစိန်ထောင်အာဏာပိုင်များက မိသားစုဝင်များကို အတည်ပြု

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ။

RangonNewsDaily::July 27, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ရန်ကုန် အင်းစိန်ထောင်အာဏာပိုင်များက မိသားစုဝင်များကို အတည်ပြုလိုက်သည်။

သေဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ ရုပ်အလောင်းများကို ထုတ်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်က မိသားစုဝင်များကို ယနေ့မနက်တွင် ပြောကြားလိုက်သည်။

ယနေ့ (ဇူလိုင် ၂၅) နံနက်ပိုင်းတွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်ကာ ထောင်အာဏာပိုင်များကို သေဒဏ်ပေးသည်ဆိုသော နိုင်ငံပိုင်သတင်းစာပါအချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။

“အင်းစိန်ဒုထောင်ပိုင်နဲ့ တွေ့တယ်။ သေဒဏ်ဟုတ်တယ်ပေါ့နော်။ ဘယ်နေ့က လုပ်လိုက်တာလည်းဆိုတာ သူတို့ ပြောပိုင်ခွင့်မရှိဘူးတဲ့။ အဲဒါဆို ရုပ်အလောင်းပြန်ပေးပေါ့နော်ဆိုတော့ ဥပဒေမှာ မရှိဘူးပေါ့နော်လို့ ပြောတယ်တဲ့” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကပြောသည်။ 

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်မိသားစုဝင်များက ၎င်းတို့အတွက် စျာပနကို ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၃ နှစ်အရွယ် ဦးဂျင်မီနှင့် အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာ ပေးတွေ့ပြီးနောက် ယခုကဲ့သို့ သေဒဏ်စီရင်ခြင်းဖြစ်သည်။

ကွပ်မျက်သည့် အခြေအနေအသေးစိတ်ကို မသိရသော်လည်း ဇူလိုင်လ ၂၃ စနေနေ့ နံနက်တွင် ပြုလုပ်ခဲ့ကြောင်း Myanmar Now ၏သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် “သူ့အကြောင်းတရားနဲ့သူလာတာ။ သူတရားထိုင်တယ်။ သူတရားနဲ့ သူနေတယ်” ဟု ဦးဂျင်မီက ပြောဆိုခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရပြီး၊ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆေးနှင့် အစားအစာများ လာမပို့ရန် ထောင်အာဏာပိုင်များက မှာကြားခဲ့သည်ဟု သိရသည်။



50244617_1464124723718284_1962449237048295424_n.Jpg

ကိုဂျင်မီအား ၎င်း၏ ဇနီးဖြစ်သူ မနီလာသိန်း (အလယ်) နှင့် တွေ့ရပုံ။ စစ်ကောင်စီ၏ ကွပ်မျက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသော 

ကိုဂျင်မီသည် ဆယ်ကျော်သက်အရွယ် သမီးတစ်ဦးကျန်ရစ်သည်။ 

သေဒဏ်ထိုက်သည့် အမှုများဆိုလျှင် ရှေ့နေငှားရမ်းခွင့် မဖြစ်မနေရထိုက်သော်လည်း ယခုတွင် ထိုသို့မဟုတ်၍ စနစ်တကျ ခုခံခွင့်မရကြောင်း၊ စီရင်ချက်ချပြီးနောက်တွင်လည်း သမ္မတကို ဖမ်းထားသည့် စစ်ကောင်စီဥက္ကဋ္ဌက သေဒဏ်ကို အတည်ပြုခြင်းမှာ တရားမဝင်ကြောင်း အသက် ၇၇ နှစ်ရှိ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“ရာဇဝတ်မှုကြီးတစ်ခုကို ကြိုတင်ကြံစည်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်တဲ့အတွက် ရာဇတ်သတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ကို ကျူးလွန်လိုက်တာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် သေဒဏ်ကျသူများကို စီရင်တော့မည်ဆိုလျှင် အကျဉ်းထောင်ဥပဒေအရ မိသားစုကို အသိပေး၍ စားချင်တာ စားခွင့်၊ မှာချင်တာ မှာခွင့်ပြုရမည်ဖြစ်ပြီး ယခုကိစ္စတွင် စစ်ကောင်စီက ထိုသို့ မလုပ်ခဲ့ဘဲ မိသားစုနှင့် သာမန်ထောင်ဝင်စာ တွေ့ခွင့်ပြု၍ လိမ်လည်လှည့်ဖြားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးကြီးမြင့်က ထောက်ပြသည်။​

မိသားစုထံ ရုပ်အလောင်းပြန်မပေးသည့် အချက်မှာမူ ဥပဒေတွင် မည်သို့လုပ်ဆောင်ရမည်ဟု အတိအလင်းဖော်ပြမထားသည့် လစ်ဟာမှုကို စစ်ကောင်စီက အခွင့်အရေးယူသွားခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ရှောင်ကြဉ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးသည့်လုပ်ရပ်ကို လက်ရှိစစ်ခေါင်းဆောင်က လုပ်ဆောင်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာဖြစ်မည်ဟု နှစ် ၅၀ ကျော် နိုင်ငံရေးသမိုင်းရှိသည့် ဦးကြီးမြင့်က သုံးသပ်သည်။

“သူ (မင်းအောင်လှိုင်) ပေးဆပ်ရလိမ့်မယ်။ ဘယ်နေလို့ရမလဲ။ လူသတ်ထားတာလေ။ လူသတ်ခွင့်မရှိဘဲနဲ့ လူသတ်ဖို့ အတည်ပြုတဲ့အတွက် မြင့်ဆွေနဲ့ မင်းအောင်လှိုင်ကတော့ သူတို့က ၃၀၂ (၁) လူသတ်မှုကို ကျူးလွန်တာပဲ”



H_52564453.Jpg

လွှတ်တော်အမတ်အဖြစ် တွေ့ရသော ကိုဖြိုးဇေယျာသော်။ (ပုံ-EPA) 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်ရှိ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသော ဆန့်ကျင်တော်လှန်သူအများအပြားကို စစ်ခုံရုံးဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။

သေဒဏ်နှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ကန့်ကွက်နေသော်လည်း ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက အစဉ်တစိုက် တုံ့ပြန်ခဲ့သည်။

စစ်ခုံရုံးဖြင့် အမှု ၂၃ မျိုးကို စီရင်မည်ဖြစ်ကြောင်း၊ သေဒဏ်နှင့် ပတ်သက်၍ စီရင်ချက်အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ အတည်ပြုပေးနိုင်ကြောင်းလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာစစ်အစိုးရ၏ သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ Tom Andrews က ထုတ်ဖော်ပြောဆိုသည်။

Myanmar Now

0 comments:

Post a Comment