Pages

Friday, March 15, 2019

ပလက်ဖောင်း လမ်းဘေးဈေးသည်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် ပဲခူးစည်ပင်ကို အတိုင်ပင်ခံပြော


RangonNewsDaily::Friday, March 15, 2019
ပလက်ဖောင်းမှာ လမ်းဘေးဈေးသည်တွေကြောင့် ပြည်သူတွေ အေ နှာင့်အယှက် ဖြစ်နေတာကို အမြန်ဆုံး ပြေလည်အောင်ဆောင်ရွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး စည်ပင်တာဝန်ရှိသူတွေကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေ့ဆုံပွဲမှာ ဒေသခံတဦးက နောက်ဖေးလမ်းကြား ရေမြောင်းပိတ်ဆို့မှုနဲ့ ပလက်ဖောင်းမှာ လမ်းဘေးဈေးသည်တွေကိစ္စ ဖြေရှင်းပေးဖို့ ရှိမရှိ အခုလို မေးမြန်းခဲ့ပါတယ်။

“ပဲခူးမြို့မှာ အခုဆိုရင် ရေကြီးရေလျှံမှုတွေ တအားဖြစ်ပေါ်နေပါတယ်။ အဲအတွက်ကြောင့် နောက်ဖေးလမ်းကြားတွေ တူးဖော်ပေးဖို့ အစီစဉ်ရှိမရှိ သိချင်ပါတယ်။ ပြီးတော့ ပလက်ဖောင်းတွေ လုပ်ပြီးတော့ ပလက်ဖောင်းတွေပေါ်မှာ ဈေးသည်တွေ ရောင်းနေတဲ့အတွက် ပြည်သူတွေဟာ လမ်းလျှောက်လို့မရတဲ့အထိ ဖြစ်နေပါတယ်။ ပလက်ဖောင်းတွေပေါ်က ဈေးရောင်းတဲ့ ဈေးသည်တွေကိုလည်း ဖယ်ရှားပေးစေချင်ပါတယ်။”

ဒီအပေါ် စည်ပင်တာဝန်ရှိသူက “ကျနော်တို့ နောက်ဖေးလမ်းကြားကိစ္စက နှစ်ပေါင်းများစွာ ဂရန်တွေလုပ်ပြီး ကျူးထားတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီ နောက်ဖေးလမ်းကြားကိစ္စ အကုန်လုံးကို ပြန်ဖော်သင့် မဖော်သင့်ဆိုတာ အစိုးရအဖွဲ့မှာရော သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီတွေကို ကျနော်တို့ ညှိနှိုင်းပြီး ဖော်သင့်တဲ့ဟာကို လမ်းတံတား ကော်မတီတွေ ဖွဲ့ပြီးတော့ ပြန်ပြီးတော့ စိစစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဖော်စေချင်တဲ့သူတွေ ရှိသလို မဖော်စေချင်တဲ့ သူတွေကလည်း အများကြီးရှိပါတယ်။ လက်ဘေးပလက်ဖောင်း၊ ဒါကတော့ ကျနော်တို့ သက်ဆိုင်သူ ပြည်သူမထိခိုက်အောင် ဆောင်ရွက်ပါမယ်” လို့ ပြောပါတယ်။
စည်ပင်တာဝန်ရှိသူရဲ့ ဖြေကြားချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံက ကျေနပ်စရာအဖြေမဟုတ်ကြောင်း အခုလို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

“ဒီအဖြေက သိပ်ပြီး ကျေနပ်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ မြောင်းတွေ ပြန်ဖော်သင့် မဖော်သင့်ဆိုတာက ဖော်ချင်တဲ့သူတွေနဲ့ မဖော်ချင်တဲ့သူတွေနဲ့ဆိုတာ ဘာမှမဆိုင်ပါဘူး။ ဒီမြို့ရဲ့ အကျိုးအတွက် ဖော်သင့်သလား၊ မဖော်သင့်သလား ဆိုတာ သေသေချာချာ ကျွမ်းကျင်တဲ့သူတွေနဲ့ စိစစ်ရမယ်။ ကျွမ်းကျင်တဲ့သူတွေနဲ့ စိစစ်ပြီးတော့မှ ဘယ်မြောင်းတွေကို ပြန်ဖော်ရမယ်၊ ဘယ်မြောင်းတွေ ပြန်မဖော်ရဘူးဆိုတာဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လမ်းဘေးဈေးသည်တွေနဲ့ ပတ်သက်ပြီးလည်း ဘယ်တော့လုပ်မလိုလို၊ အခုလုပ်မလိုလို၊ မနက်ဖြန်လုပ်မလိုလို ဒီလိုလုပ်လို့ မဖြစ်ပါဘူး။ လမ်းဘေးပလက်ဖောင်းမှာ ဈေးသည်တွေရှိလို့ ပြည်သူလူထုကို အနှောင့်အယှက်ဖြစ်တယ်ဆိုရင် ဒီဈေးသည်တွေက ပြည်သူကို အနှောင့်အယှက် မပေးဘဲနဲ့ ရောင်းနိုင်တဲ့ နေရာတခုကို သတ်မှတ်ပေးရပါလိမ့်မယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ပါပဲ။ ဒါကိုအမြန်ဆုံးလုပ်ပေးဖို့ ကျမအနေနဲ့တိုက်တွန်းလိုပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲမှာ တွေ့ဆုံပြောကြားခွင့်မရသူတွေ အနေနဲ့လည်း တိုင်ကြားစာဌာနမှာ တင်ကြဖို့နဲ့ သေသေချာချာ လေ့လာပြီး သက်ဆိုင်ရာ ဌာနတွေကနေ ဖြေရှင်းပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီအခန်းထဲလာပြီး မေးခွန်းမေးရမှ ထိရောက်တာမဟုတ်ပါဘူး။ အားလုံးဟာ သူ့နေရာနဲ့သူ အရေးပါပါတယ်။ ကျမတို့အတွက် နိုင်ငံသူနိုင်ငံသား တယောက်ချင်း တယောက်ချင်းဟာ တန်းတူညီတူ တန်ဖိုးရှိပါတယ်။ အားလုံးကို ကျမတို့ မသိနိုင်ဘူး၊ အားလုံးရဲ့အသံကို ကျမတို့ မကြားနိုင်ဘူး။ ဒါပေမယ့် မူအရ နိုင်ငံသူ နိုင်ငံသား အားလုံးဟာ တန်းတူညီတူ တန်ဖိုးရှိတယ်ဆိုတာ လေးလေးနက်နက် ပြောကြားလိုပါတယ်။”

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး ခရီးစဉ်အတွင်း တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးနဲ့ သာယာဝတီခရိုင်က ပြည်သူတွေနဲ့ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
#DVB TV News

RangonNewsDaily

0 comments:

Post a Comment