Pages

Wednesday, March 13, 2019

နယ်ဝေးကျောင်းဆရာမတွေရဲ့ဘဝလုံခြုံရဲ့လား


RangonNewsDaily(Wednesday, March 13, 2019)
အချိန်က ညသန်းခေါင်ကျော် မနက် ၂ နာရီအချိန်ရှိပါပြီ။ အမျိုးသားတဦးက မလုံခြုံသော အိမ်တံခါးကို တွန်းဖွင့်ပြီး ဒေါ်ဟေမာန်အောင်၏ ခြင်ထောင်ထဲသို့ ဝင်လာကာ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သော်လည်း လူမိသွားသဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။

ဒေါ်ဟေမာန်အောင်သည် အသက် ၃၀ နှစ်ဝန်းကျင်ရှိပြီး ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်၊ ရွာသစ်ရွာတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမတယောက်ဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇွန်လက သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တခုကို ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။
ထိုနေ့ညကဖြစ်စဉ်မှာ ကျောင်းဆရာမများ အိပ်နေသည့်အခန်းထဲသို့ ဝင်လာကာ ဆရာမတဦးကို မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
“ကျမတို့အိမ်ခန်းအထဲအထိ ဝင်လာတယ်။ သူအိပ်ခန်းတံခါးကို တွန်းဖွင့်တော့ တံခါးက ကျမခြေထောက်ကို လာထိတယ်။ အစက အတူ တူအိပ်တဲ့ဆရာမက အိမ်သာထသွားတာလို့ပဲ ထင်ခဲ့တယ်။ နောက်တော့ ကျမဘေးနားရောက်လာပြီး ကျမခန္ဓာကိုယ်အင်္ဂါတွေကို လာကိုင်တယ်” ဟု သူတွေ့ကြုံခဲ့သည့်အဖြစ်အပျက်ကို ပြန်ပြောပြ သည်။
ထိုအချိန်တွင် ဒေါ်ဟေမာန်အောင်တယောက် ထိတ်လန့်သွားပြီး မုဒိမ်းကျင့်ရန် ကြိုးစားနေသူ၏ လက်ကို ဆွဲကိုင်မိခဲ့သေးသည်ဟု သိရသည်။
“ ကျမလန့်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ လက်က တော်တော်ကြမ်းပြီး ယောကျ်ားလက်ဆိုတာသိသာတယ်” ဟု သူက ဆိုသည်။
အစပိုင်းတွင် ဒေါ်ဟေမာန်အောင်တယောက် ထိုအမျိုးသားကို ဓာတ်မီးဖြင့်ထိုးကြည့်ပြီး ရိုက်ပစ်ရန် ကြိုးစားခဲ့သော်လည်း မိမိကို ရန်ရှာမည်ကို စိုးရိမ်စိတ်ဖြင့် ဘေးခြင်ထောင်တွင် အိပ်နေသည့် တခြားဆရာမတယောက်ကိုသာ ခြေထောက်ဖြင့် လှုပ်နှိုးလိုက်သည်။
“ ကျမက ဘေးက ဆရာမကို နှိုးလိုက်ချိန်မှာ အဲဒီအမျိုးသားက တံခါးကို ဆောင့်တွန်းဖွင့်ပြီး ပြန်ထွက်ပြေးသွားတယ်။ တံခါးပတ္တာ တောင်ပြုတ်သွားတယ်။ အဲဒီအချိန်မှ ကျမက အော်လိုက်တာ”ဟု ဆိုသည်။
ထိုသို့ အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း ကျေးရွာမှ မည်သူတဦးတယောက်ကမျှ ထိုလူကို ဝိုင်းဝန်းရှာဖွေဖမ်းဆီးပေးခြင်း မရှိခဲ့ပါ။
“ရွာသားတွေက ဒီလူကို လိုက်လံဖမ်းဆီးတာ၊ ရှာဖွေပေးတာတွေ မရှိဘူး။ ဘာဖြစ်တာလဲပဲမေးတယ်” ဟု ဒေါ်ဟေမာန်အောင်က ဆိုသည်။
ထိုညက ဆရာမနှစ်ဦးမှာ ကြောက်စိတ်ဖြင့် ပြန်မအိပ်နိုင်တော့ဟု ပြောပြသည်။
ထိုညက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို မိဘများသိရန် ပြောကြားလိုသော်လည်း ကျေးရွာနှင့် ကျောင်းသိက္ခာကျမည်ကို စိုးရိမ်ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ရွာသူရွာသားများက ဟန့်တားခဲ့သည်။
“ ကျမတို့အိမ်ကိုတိုင်ရင် သူတို့ကျောင်းသိက္ခာနဲ့ ရွာသိက္ခာကျမယ်။ နောက်စစ်ဆေးရေးတွေဝင်မယ်။ နာမည်ပျက်ရင် နောက်ဆရာမတွေ ထပ်မလာပဲနေမယ်ဆိုပြီး မတိုင်ပါနဲ့လို့ ပြောပါတယ်” ဟု သူက ဝမ်းနည်းစွာဖြင့် ဆက်ပြောပြသည်။
ကျေးရွာမှ ဒေသခံများက အိမ်အတွင်းသို့ ခိုးဝင်ပြီး မုဒိမ်းကျင့်ရန်ကြိုးစားသူကိုရအောင်ရှာဖွေကာ အပြစ်ပေးမည်ဟု ပြောဆိုခဲ့ကြသော်လည်း လက်ရှိအချိန်ထိ တရားခံမပေါ်သေးကြောင်း ဒေါ်ဟေမာန်အောင်က ဆိုသည်။
“ သူတို့ကလုံခြုံရေးအတွက် ညဆိုတခြားအိမ်မှာသွားအိပ်၊ နေ့ဆို အဲဒီမှာပြန်နေလို့ပြောတယ်။ ကျမဘဝမှာ တကြိမ်တခါမှ မကြုံဖူးတဲ့အတွက် ရှက်လည်းရှက်၊ ကြောက်လည်းကြောက်၊ အဲဒီနေရာမှာ တရက်ဆို တရက်မှ ဆက်မနေရဲတော့ဘူး” ဟု အဖြစ်အပျက်ကို ပြန်သ တိရကာ ငိုပြီးပြောပြသည်။
လက်ရှိမှာတော့ ကျောင်းဆရာမ ၂ ဦးသည် ရွာမတွင် ဆက်လက်မနေရဲသဖြင့် ဆင်စခန်းတွင် ယာယီပြောင်းရွှေ့ နေခဲ့ကြသည်။
“ ကျောင်းရဲ့ဂုဏ်သိက္ခာ၊ ရွာရဲ့ဂုဏ်သိက္ခာတွေက အရေးကြီးတယ်။ ကျမတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ မငဲ့ကြဘူး။ ဒီလိုလုပ်ရပ်က ဆ ရာမတွေကို စော်ကားတဲ့သဘောပါပဲ” ဟု ဒေါ်ဟေမာန်အောင်က မျက်ရည်ကျပြီး ဆက်ပြောသည်။
ယခုဖြစ်ရပ်သည် နယ်ဝေးဒေသများတွင် တာဝန်ကျသော ကျောင်းဆရာမများအတွက် လုံခြုံသည့်ဝန်ထမ်းအိမ်ရာများ မစီစဉ်ပေးခြင်းကြောင့် ဖြစ်သည်ဟု ဆရာမ ၂ ဦးက သုံးသပ်သည်။
အခြေခံပညာရေးလုပ်သားကျောင်းဆရာမများသည် ဝေးလံခေါင်ဖျားဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင် ရသည့်အခါ လုံခြုံသည့်အိမ်ရာများ စီစဉ်ဆောင်ရွက်ပေးရန် အလွန်အရေးကြီးသည်ဟု ဆရာမများက ပြောဆိုကြသည်။
“ ကျမတို့ နယ်တွေမှာ တာဝန်ထမ်းဆောင်ရရင် ယာယီတဲအိမ်တွေ၊ သော့ခတ်လို့မရတဲ့အိမ်တွေ၊ လူတယောက်အားနဲ့ တွန်းဖွင့်ရင်တောင်ရတဲ့ တဲအိမ်တွေမှာ နေရတော့ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာရင် ဆရာမတွေပဲ နစ်နာတယ်” ဟု အထက ဆင်မ၊ ပုသိမ်မြို့မှ ကျောင်းဆရာမတဦးဖြစ်သူ ဒေါ်ဇာဇာအောင်က ပြောသည်။
နယ်ဝေးတွင်တာဝန်ထမ်းဆောင်ရသည့် ကျောင်းဆရာမများသည် များသောအားဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်များ၊ ရွာသူကြီးအိမ်များတွင် နေထိုင်ရပြီး၊ တချို့မှာ မလုံခြုံသည့်သီးသန့်အိမ်များတွင် နေထိုင်ကြရသည်။
မြန်မာနိုင်ငံတွင် ပညာရေးဝန်ထမ်း ၄ သိန်းကျော်ရှိသည့်အနက် ၉၇ ရာခိုင်နှုန်းသည် ဆရာမများဖြစ်ကြသည်။
လက်ရှိတွင် အမျိုးသမီးပညာရေးလုပ်သားများ အကြမ်းဖက်ခံရမှုနှင့် ဘဝနေထိုင်မှုဆိုင်ရာ သုတေသနစစ်တမ်းကို အခြေခံပညာရေး လုပ်သားသမဂ္ဂအဖွဲ့က ဧရာဝတီတိုင်းဒေသကြီးတွင် စတင်ကောက်ခံနေသည်။
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ပညာရေးသည် အရေးပါသည့် အခန်းကဏ္ဍတခုဖြစ်သည့်အတွက် ပညာရေးဝန်ထမ်းအမျိုးသမီးများ၏ လက်တွေ့ဘဝအခက်အခဲနှင့် လုပ်ငန်းခွင်အခြေအနေကို သိရှိရန်အတွက် သုတေသန ပြုလုပ်ခြင်းဖြစ်သည်ဟု အခြေခံပညာရေးလုပ်သားသမဂ္ဂမှအဖွဲ့ဝင် ဦးမင်းမင်းထွတ်က ပြောသည်။
ကျောင်းဆရာမများ၏ နေ့စဉ်လူနေမှုဘဝ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကြမ်းဖက်ခံရမှုများ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေသည်ကို မကြာခဏ ကြားသိရကြောင်းလည်း ဦးမင်းမင်းထွတ်က ပြောသည်။
“ နယ်ဝေးမှာ တာဝန်ကျတဲ့ ကျောင်းဆရာမတွေဟာ ဝန်ထမ်းအိမ်ရာမရှိတဲ့အတွက် အုပ်ချုပ်ရေးမှူးအိမ်၊ ဒေသခံတွေရဲ့ အိမ်တွေမှာနေပြီး တာဝန်ထမ်းဆောင်ရတယ်။ အဲဒီလို နေထိုင်ကြရတာ များသောအားဖြင့် အဆင်မပြေဘူး။ ကျောင်းဆရာမတွေမှာ အနည်းဆုံး စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေရှိနိုင်တယ်” ဟု ဦးမင်းမင်းထွတ်က ဆိုပါသည်။
နယ်ဝေးဒေသများတွင် တာဝန်ထမ်းဆောင်သည့် ကျောင်းဆရာမများသည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးဆောင်တို့၏ အိမ်များတွင်နေထိုင်ရသဖြင့် မဖြစ်သင့်သည့် ပြဿနာများဖြစ်ပွားနေပြီး ထိခိုက်နစ်နာမှုများရှိနေသည်ဟု ဦးမင်းမင်းထွတ်က ပြောသည်။
“ နောက်ဆုံးတော့ ဆရာမတွေက အရှက်နဲ့ သိက္ခာလဲယူလိုက်ရတာတွေလည်းရှိတယ်။ ကိုယ်မကြိုက်တဲ့သူကို ယူလိုက်ရတာမျိုးပေါ့။ နောက်မဖြစ်သင့်တာတွေဖြစ်နေတော့လည်း ဆရာမတွေက ကြိတ်ခံနေကြတာတွေရှိတယ်” ဟု ဦးမင်းမင်းထွတ်က ဆိုပြန်သည်။
အခြေခံပညာရေးလုပ်သား အမျိုးသမီးများ၏ နေ့စဉ်ကြုံတွေ့နေရသည့်အခက်အခဲများ ဘဝနေထိုင်မှုများကို စစ်တမ်းကောက်ယူသည့်အခါ ကျောင်းဆရာမများသည် အားလုံးအကျိုးအတွက် မိမိတို့ရင်ဆိုင်နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောပြကြရန် တိုက်တွန်းကြသည်။
“ ဆရာမတွေဟာ အရမ်းရှက်ကြတယ်။ နောက်အရာရာကို ငဲ့ကွက်ပြီး မပြောတာတွေလည်းရှိတယ်။ စိုးရိမ်စိတ်တွေကလည်း သိပ်ကြီးကြတယ်” ဟု ဒေါ်ဇာဇာအောင်က ဖြည့်စွက်ပြောသည်။
မိမိနေရပ်နှင့် ဝေးကွာသည့်ဒေသများတွင် တာဝန်ထမ်းဆောင်ရာ၌ အမျိုးသားများထက် အမျိုးသမီးများမှာ အခက်အခဲများစွာရှိသဖြင့် အမျိုးသမီးများကို မိမိနေရပ်နှင့် သိပ်မဝေးသည့် သွားလာရန်လွယ်ကူသောနေရာဒေသများတွင် တာဝန်ပေးပါရန် ဒေါ်ဟေမာန်အောင်က တောင်းဆိုလိုက်သည်။
“ကျမတို့ကျောင်းဆရာမတွေအတွက် လုံခြုံတဲ့ဝန်ထမ်းအိမ်ရာပဲ လိုချင်တယ်။ ကျမလို တခြားဆရာမတွေလည်း စိတ်ပိုင်းရုပ်ပိုင်း အကြမ်းဖက်မခံရစေချင်ဘူး။ လုံခြုံတဲ့အိမ်နေရာရှိရင် ဒီလိုပြဿနာတွေ မဖြစ်လာနိုင်ဘူး” ဟု ပြောသည်။
ညအိပ်ချိန်ရောက်တိုင်း အိမ်နှင့်ဝေးသည့် နယ်ဝေးဒေသတခုတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ ဒေါ်ဟေမာန်အောင်တယောက် မိမိအိပ်ခန်းထဲသို့ သူစိမ်းယောက်ျားတယောက် ဝင်လာပြီး အကြမ်းဖက်မှုများပြုလုပ်မည်လားဆိုသည့် ကြောက်စိတ်နှင့် မလုံခြုံမှုများ ယခုချိန်အထိ လွှမ်းမိုးနေဆဲဖြစ်သည်။

#The Irrawaddy - Burmese Edition
RangonNewsDaily

0 comments:

Post a Comment