Pages

Saturday, December 13, 2025

စင်ကာပူနိုင်ငံတွင် အီလက်ထရွန်းနစ်စီးကရက် K pod လက်ဝယ်တွေ့ရှိမှုဖြင့် စင်ကာပူတွင် ရေရှည်နေထိုင်ခွင့် ဖျက်သိမ်းခံရသည့် မြန်မာဆယ်ကျော်သက်အမျိုးသမီးငယ် အခြားအမှုများဖြင့်ပါ စုံစမ်းစစ်ဆေးခံနေရ



13. December .2025
အီလက်ထရွန်းနစ်စီးကရက် K pod လက်ဝယ်တွေ့ရှိမှုဖြင့် စင်ကာပူတွင် ရေရှည်နေထိုင်ခွင့် ဖျက်သိမ်းခံရသည့် မြန်မာဆယ်ကျော်သက်အမျိုးသမီးငယ် အခြားအမှုများဖြင့်ပါ စုံစမ်းစစ်ဆေးခံနေရသည်ဟု Channel News Asia က သတင်းဖော်ပြသည်။
အီလက်ထရွန်းနစ် စီးကရက်တစ်မျိုးဖြစ် သည့် K pod ကိုင်ဆောင်ထားမှုဖြင့် စင်ကာပူနိုင်ငံတွင် ရေရှည်နေထိုင်ခွင့်ရုပ်သိမ်းခံထားရသည့် မြန်မာဆယ်ကျော်သက်အမျိုးသမီးငယ်မှာ ပထမဆုံးဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် စက်တင်ဘာ ၁ ရက်မှစတင်ကာ အီလက်ထရွန်းနစ်စီးကရက်ကဲ့သို့ ပစ္စည်းများထိန်းချုပ်ရေးဥပဒေအရ K pod ကို အသုံးပြုခြင်း၊ ပိုင်ဆိုင်ခြင်းများကို တွေ့ရှိပါက နိုင်ငံခြားသားများ၏ နေထိုင်ခွင့်များကို ပယ်ဖျက်နိုင်ပြီး နိုင်ငံမှ နှင်ထုတ်ခြင်း၊ စင်ကာပူသို့ ဝင်ရောက်ခွင့်များကို ပိတ်ပင်နိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အသက် ၁၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးငယ်ကို လတ်တလောစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နိုင်ရန် အထူးလက်မှတ် (Special Pass) ထုတ်ပေးထားပြီး ပြစ်မှုကျူးလွန်နိုင်သည့် လက်နက်များတွေ့ရှိမှု၊ ခိုက်ရန်ဖြစ်ပွားမှု အစရှိသည်တို့နှင့်ပါ စုံစမ်းစစ်ဆေးခံနေရသည်ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားသည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။

“ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ အမှုကို စုံစမ်းစစ်ဆေးပြီးတာနဲ့ သူမကို အပြီးတိုင် ပြည်နှင်ဒဏ်ပေးပြီး စင်ကာပူကို ပြန်ဝင်ခွင့် ပိတ်ပင်သွားမှာပါ” ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက အရာရှိက ပြောကြားသည်။

ပုံမှန်စစ်ဆေးမှုများ ပြုလုပ်စဉ် အဆိုပါအမျိုးသမီးငယ်ထံမှ နိုဝင်ဘာ ၁၄ ရက်က K pod ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

စင်ကာပူတွင် အီလက်ထရွန်းနစ် အငွေ့ထုတ်ကိရိယာများကို တင်သွင်းသူ၊ ရောင်းချသူများနှင့် ဖြန့်ဖြူးရောင်းချသူများအနက် တင်သွင်းသူသည် ထောင်ဒဏ်သုံးနှစ်နှင့် ၂၀ နှစ်အထိ၊ ကြိမ်ဒဏ် ၅ ချက်မှ ၁၅ ချက်အထိလည်းကောင်း၊ ရောင်းချသူနှင့် ဖြန့်ဖြူးသူများသည် ထောင်ဒဏ်နှစ်နှစ်မှ ၁၀ နှစ် ကြိမ်ဒဏ် နှစ်ချက်မှ ငါးချက်အထိလည်းကောင်း ချမှတ်ခံရမည်ဟု စင်ကာပူအစိုးရက ထုတ်ပြန်ထားသည်။

0 comments:

Post a Comment