Pages

Friday, August 2, 2024

မန္တလေးမြို့တွင် စက်သုံးဆီအရောင်းဆိုင်ကြီးများတွင်ဆီပြတ်လပ်ကြောင့် စက်သုံးဆီ တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ပြင်ပပေါက်ဈေးကျပ်တစ်သောင်းဝန်းကျင်အထိ ရောင်းချမှုများ ရှိလာ

မန္တလေး။ သြဂုတ် ၂

ယခုရက်ပိုင်းများအတွင်း စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုနှင့် အချိန်ကြာမြင့်စွာ စီတန်းထုတ်ယူရမှုအခြေအနေများကြောင့် မန္တလေးမြို့တွင် စက်သုံးဆီပြင်ပပေါက်ဈေးနှုန်းများမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီး တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ၈၀၀၀ ၊ ၉၀၀၀ ကျပ်မှ တစ်သောင်းကျပ်အထိ ရောင်းချမှုများရှိလာကြောင်း ဒေသခံများထံမှ သိရှိရသည် ။

မန္တလေးမြို့ဧရိယာအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီထုတ်ယူရန် တန်းစီလျက်ရှိသည့် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များမှာ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ကာ စီတန်းစောင့်ဆိုင်းနေကြပြီး အဆိုပါယာဉ်တန်းမှာ  ၄ မိုင် ၅ မိုင်ခန့်အထိပင် ရှိသည်ဟု မြို့ခံများက ပြောကြားသည် ။

" ဆီဆိုင်တွေမှာက တန်းစီတဲ့သူတွေ တစ်ရက်ထက်တစ်ရက် အရမ်းများလာတော့ မနက် ၆ နာရီထ တန်းစီတာတောင် ၃ နာရီကျော် တန်းလိုက်ရတယ် ။ အချိန် ၃ နာရီ တန်းစီပြီး ဆီသုံးထောင်ဖိုးပဲ ထည့်ပေးတာ " ဟု ဆိုင်ကယ်စီတန်းသူတစ်ဦးက ပြောကြားသည် ။

"ဆီဆိုင်တွေက ကားတစ်စီးကို တစ်သောင်းဖိုး ၊ နှစ်သောင်းဖိုးပဲ ပေးတယ် ။ ဆိုင်တချို့ကတော့ သုံးသောင်းဖိုးအထိ ပေးတယ် ပြောတာပဲ ။ ဆိုင်ကယ်ကတော့ တစ်စီးကို သုံးထောင်ဖိုး ငါးထောင်ဖိုး ဆိုပြီး ဆီခွဲတန်းအပေါ်မူတည်ပြီး ပေးတာ ။ ဆီ သုံးထောင်ဖိုးရဖို့ နေ့တဝက်လောက်ထိ တန်းစီနေရတာ " ဟု မြို့ခံတစ်ဦးက ပြောကြားသည် ။

ယင်းသို့ စီတန်းစောင့်ဆိုင်းချိန်ကြာမြင့်ခြင်း ၊ စက်သုံးဆီပြတ်လပ်လာခြင်းများကြောင့် ပြင်ပဆီ ပေါက်ဈေးနှုန်းများမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည် ။

" အစပိုင်းကတော့ ရေသန့်ဘူးတစ်ဘူးကို ၄၀၀၀ ၊ ၄၅၀၀ ကျပ် လောက်ပဲ ရှိသေးတာ ။ နောက်တော့ ၅၀၀၀ ၊ ၆၀၀၀ ဆိုပြီး ရောင်းကြတယ် ။ မနေ့ကတော့ တစ်ဘူးကို ၉၀၀၀ တဲ့ ။ ဒါတောင် ရေသန့်ဘူး အပြည့်မပါဘူး ။ ဆိုင်ကယ်က ဆီ လုံးဝ ပြတ်သွားတာမို့ မထည့်မဖြစ်လို့ ၉၀၀၀ ပေးပြီး ထည့်ခဲ့ရတယ် ။ တချို့နေရာတွေဆို တစ်ဘူးကို တစ်သောင်အထိ ရောင်းနေတာလို့ ကြားရတယ် " ဟု အမရပူရ ကွက်သစ်ရပ် နေထိုင်သူတစ်ဦးက ပြောကြားသည် ။

0 comments:

Post a Comment