Pages

Sunday, August 4, 2024

ညောင်ရွှေမြို့ကို စစ်ရှောင်လာတဲ့ လွိုင်ကော်မြို့က လူငယ် ၁ဦး လုယက်ခံရပြီး ဓားဖြင့်အချက်များစွာထိုးသတ်ခံရ


ညောင်ရွှေ။ သြဂုတ် ၄

လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်လူငယ်တယောက် ဆိုင်ကယ်နဲ့ ဖုန်းအလုခံရပြီး ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ရွှေမြို့ကို စစ်ရှောင်လာသူ အသက် ၂၀ ကျော်အရွယ် ကိုဟိန်းထက်အောင်ဟာ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ လုယက် သတ်ဖြတ်ခံခဲ့ရတာပါ။

သူနဲ့နီးစပ်သူ စစ်ရှောင်တယောက်က “ကလေးက အေးသာယာမှာ ကျောင်းတက်နေတာ။ ကျောင်းပိတ်လို့ ညောင်ရွှေမြို့ကို ပြန်လာနေချိန်ပဲ လမ်းပေါ်  ဆိုင်ကယ် အလုခံရတာ။ ဓားပြတိုက်ခံရတာပေါ့နော်။ ပစ္စည်းကိုပဲ ယူသွားတာ မဟုတ်ဘူး။ လူကိုပါ သတ်သွားတယ်။ ဓားနဲ့ ၁၀ ချက်ကျော် ထိုးခံရတယ်။ ရက်ရက်စက်စက်ပါပဲ” လို့ ပြောပါတယ်။

ကိုဟိန်းထက်အောင်ဟာ သူ့ရဲ့မိခင်နဲ့အတူ ညောင်ရွှေမြို့မှာ စစ်ရှောင်ရင်း အေးသာယာ နည်းပညာတက္ကသိုလ်မှာ ပထမနှစ်တက်ရောက်နေတဲ့ ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ စျေးကုန်းရပ်ကွက်က နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသားကိုပါ သတ်သွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ညောင်ရွှေမြို့နယ်၊ ရေတွင်းကြီးကျေးရွာက ဆိုင်တဆိုင်ကို လူတစုက ဓားပြဝင်တိုက်ပြီး ဆိုင်ရှင်လင်မယားကိုပါ သတ်ဖြတ်သွားသေးတယ်လို့ ပြောပါတယ်။

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်သူ ပိုများလာတဲ့အပြင် ပြည်သူတွေရဲ့ စီးပွားရေး ကျပ်တည်းလာကြလို့ ဓားပြတိုက်တာ၊ လုယက်တာ၊ ခိုးတာ စတဲ့ အလွယ်လမ်းလိုက်လာတဲ့သူတွေ များလာတယ်လို့လည်း ပြောပါတယ်။

လုယက်သူ၊ ဓားပြတိုက်သူနဲ့ သူခိုးတွေကို ဒေသခံတွေက ဝိုင်းဖမ်းတာရှိပေမယ့် ရဲစခန်းကို အပ်တဲ့အချိန်မှာ ရဲတွေက ထိထိရောက်အရေးယူတာမရှိသလို ဖမ်းမိတဲ့ သူခိုး ဓားပြတွေကို ပြန်လွှတ်ပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

0 comments:

Post a Comment