Pages

Sunday, August 4, 2024

တနင်္သာရီတိုင်း လောင်းလုံးမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးခဲ့


လောင်းလုံ။ သြဂုတ် ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်သားနဲ့ရဲ အင်အား ၅၀ လောက်ရှိတဲ့ လောင်းလုံးမြို့မရဲစခန်းမှာ ဩဂုတ် ၃ ရက်နေ့ မနက် ၁၂ နာရီကျော်က စစ်ကောင်စီတပ်သားအချင်းချင်းစကားများပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်  စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံး၊ ၇ ယောက် ဒဏ်ရာရရှိခဲ့တာပါ။

လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက “၂ ရက်နေ့ည ၃ ရက်နေ့မနက်က စစ်ခွေးအချင်းချင်း အုပ်စုလိုက်အပြန်အလှန်ပစ်ကြတာ။ သူတို့ကအော်ပြီး ဆဲ‌ဆိုနေကြရင်းကနေ ပစ်ခတ်မှုဖြစ်တာ။ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။ ပစ်ခတ်မှုပြီးတော့ ထိတဲ့သူတွေကို ဆေးရုံချက်ချင်းပို့တာ” လို့ ပြောပါတယ်။

ရဲစခန်းမှာနေတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း မူးပြီးအော်ဟစ်ဆဲဆိုရင်းက ပစ်ခတ်မှု ဖြစ်သွားခဲ့တယ်လို့ လောင်းလုံမြို့ခံတယောက်ကလည်း ပြောပါတယ်။

“သူတို့မူးပြီး ပထမ အော်ဟစ်ဆဲဆိုကြတယ်။ ပြီးတော့ ပစ်ခတ်သံတွေ ကြားရပြီး လူနာတင်ကားတွေ ရောက်လာတာပဲ။ ကြားတာကတော့ လွန်ခဲ့တဲ့ရက်ကမှ အသစ်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရှိရင်းစွဲတပ်သားတွေနဲ့ မတည့်ဘူးလို့ ကြားတယ်။ အဲ့တာကြောင့် ဖြစ်မယ်ထင်တာ။ ညကပစ်ခတ်မှုမှာက ၃ ယောက်သေပြီး ၇ ယောက်ကနေ ၁၀ ယောက်လောက် ဒဏ်ရာရတယ်ကြားတယ်။ သေတဲ့ ၃ ယောက်က စစ်သားတွေချည်းပဲတဲ့။ ဒဏ်ရာရတဲ့သူ‌ထဲမှာတော့ ‌ရဲတွေရော စစ်သားတွေရော ပါတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ဒဏ်ရာရရှိတဲ့ ၇ ယောက်ကို ညတွင်းချင်း လူနာတင်ကားတွေနဲ့ ထားဝယ်ဆေးရုံဆီကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်စကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

0 comments:

Post a Comment