Pages

Tuesday, August 2, 2022

ကျိုက်မရောမြို့နယ်က PDF ပူးပေါင်းစခန်းတခု သိမ်းပိုက်ခံရ



RangonNewsDaily::August 2, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်တဖက်ကမ်းက ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ စခန်းတခု ဝင်ရောက်စီးနင်း သိမ်းပိုက်ခံရလိုက်တယ်လို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စွန်ရဲမြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ အခြေစိုက်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော် ၂ ဦးနဲ့ အသက်မပြည့်သေးတဲ့ အရပ်သားကလေးငယ်တဦး ဖမ်းဆီးခံလိုက်ရပါတယ်။

စခန်းသိမ်းပိုက်ခံလိုက်ရပြီး နောက်ဆက်တွဲအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းမှာ PDF ရဲဘော် ၂ ဦး ထပ်မံဖမ်းဆီးခံလိုက်ရပြီး လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းခံခဲ့ရတာပါ။

စစ်ကောင်စီဟာ PDF စခန်းသိမ်းပိုက်ခံပြီးနောက် ၃ ဦးကိုသာ ဖမ်းမိကြောင်း ထုတ်ပြန်ထားပြီး ကျန် ၂ ဦးကို သတင်းဖျောက်ထားသလို ဖမ်းဆီးခံ ၃ ဦးမှာလည်း နာမည်နဲ့ လူလွဲမှားနေတယ်လို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီကတော့ PDF စခန်း ဝင်ရောက်စီးနင်းရာမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့အတူ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း၊ အသံမိုင်း၊ လက်လုပ်မိုင်းတွေအပြင် ရှော့တိုက်ရာ အသုံးပြုရတဲ့ ဘက်ထရီအိုးနဲ့ ရီမုတ် ၁ ခု အပါအဝင် ယမ်းကြိုး ယမ်းမှုန့်ပါ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


0 comments:

Post a Comment