Pages

Thursday, February 5, 2015

ခရိုင်စစ်နှင့် တိုင်းစစ် အတန်းတင် စာမေးပွဲ ကြောင့် ကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရန် ဆောင်ရွက် ပေးမည်ဟုဆို


RangonNewsDaily:: February . 4 .2015
ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်နှင့်တိုင်းစစ် အတန်းတင် စာမေးပွဲကြောင့် ကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အကြိုစာမေးပွဲသည် မေးခွန်းသဘောတရားနားလည်စေရန် လေ့ကျင့်ဖြေဆိုစေခြင်းဖြစ်ကြောင်း၊ ကျရှုံးသည့် ကျောင်းသားများကို စာမေးပွဲပြန်လည် ဖြေဆိုခိုင်းမည်မဟုတ်ကြောင်း၊ သို့ရာ တွင် ကျောင်းများ၌ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများအား အချိန်ပို သင်ကြားမှု ပြုလုပ်နေကြောင်း အကြို စာမေးပွဲပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောကြားခဲ့သည်။

"ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း အောင်၊ ရှုံး သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူအများစု မနစ်နာအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောကြားခဲ့သည်။

၂၀၁၄ နှစ် ဒီဇင်ဘာလက ကျင်းပသည့် အကြို ခရိုင်စစ်၊ တိုင်းစစ်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မှ စတုတ္ထတန်းအောင်ချက်သည် ၄၀ ရာခိုင်နှုန်းနှင့် အဋ္ဌမတန်းအောင်ချက် ၁၅ ရာခိုင်နှုန်းရှိကြောင်း အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်ဆေးခဲ့သည့် စာမေးပွဲတွင် စတုတ္ထတန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၇,၀၄၆ ဦး၊ အဋ္ဌမတန်းတွင် ကျောင်းသား၊ ကျောင်းသူ ၈၃,၈၉၄ ဦး ဖြေဆိုခဲ့ကြောင်း အမှတ် ၃ အခြေခံပညာဦးစီးဌာန၏ စာရင်းဇယားများအရသိရှိရသည်။

ခရိုင်စစ်၊ တိုင်းစစ်အတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် စတင်ဖြေဆိုရမည်ဟု သိရှိရသည်။

Internet Journal ,KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment