Pages

Wednesday, October 8, 2014

အခွန်လျှော့ပေါ့ခွင့် မပြုတော့မည့် မူဝါဒကြောင့် ကားသစ် အရောင်းဈေးကွက် ကျယ်ပြန့်လာနိုင်

RangonNewsDaily:: October . 7 .2014
မြန်မာ့ မော်တော်ယာဉ် ဈေးကွက်အတွင်း လာမည့် ၂၀၁၅ ခုနှစ်နောက်ပိုင်း၌ တစ်ပတ်ရစ်ကား (Use Car) များထက် ကားသစ်များ၏ ဈေးကွက်မှာ ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်ဟု ကားအရောင်းပြခန်း လုပ်ငန်းရှင်များနှင့် ကားဝယ်ရောင်း ကျွမ်းကျင်သူများက မဇ္ဈိမကို ပြောသည်။
၂၀၁၅ ခုနှစ်မှစတင်ကာ အိုဟောင်း ယာဉ်အပ်နှံပါမစ်ဖြင့် တင်သွင်းမည့်ကားများကို အခွန်သက်သာခွင့် ပေးမည်မဟုတ်တော့ခြင်းကြောင့် ကားဝယ်ယူသူများသည် ကားသစ်များကို ပိုမိုဝယ်ယူလာနိုင်မည့် အခြေ အနေရှိနေသည်ဟု ၎င်းတို့က ပြောကြားသည်။

ရောင်နီဦးကားအရောင်းစင်တာပိုင်ရှင် ဦးအောင်ဝင်းက “အိုဟောင်းယာဉ်ပါမစ်ကို အခွန်လျှော့မပေးတော့ ဘူးဆိုရင် ကားဟောင်းအပ်တဲ့ သူအတွက်က ကားအပ်လိုက်ရတာပဲ အဖတ်တင်သွားမယ်။ အခွန်အပြည့် ဆောင်ပြီးသွင်းရမှတော့ ခဏခဏပြင်ရမယ့်ကားကို ဝယ်စီးဖို့ စဉ်းစားတော့မှာပဲ” ဟု အောက်တိုဘာ ၆ ရက်က အင်းယားလိတ် ဟိုတယ်တွင် ကျင်းပသည့် DFM မော်တော် ယာဉ်တင်သွင်းဖြန့်ချိမှုဆိုင်ရာ မိတ်ဆက်အခမ်းအနားတွင် ပြောသည်။

ပြည်တွင်း၌ အိုဟောင်းကားများ လျော့ ကျသွားရန် ၂၀၁၈ ခုနှစ်မှစတင်ကာ ထုတ်လုပ်သက်တမ်း (ကား မော်ဒယ်)ကိုလည်း ရောက်ရှိနေသည့်နှစ်မှ ရှေ့ငါးနှစ်အတွင်း ထုတ်လုပ်ထားသည့်ကားများကိုသာ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုသွားရန် ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ဇူလိုင် ၂၈ ရက်က ကားလုပ်ငန်းရှင်များကို တရားဝင် ပြောထားခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ကားတင်သွင်းခွင့်ပြုရာ၌ အိုဟောင်းကားများစွာပါဝင်လာခြင်း မရှိစေဘဲ ကားအသစ်များထက် အိုဟောင်း ကားတင်သွင်းခြင်းများကို အခွန်ကောက်ခံမှု ပိုမိုတိုးမြှင့်ထားသဖြင့် အသစ်ဝယ်ယူ စီးနင်းခြင်းများကို ပိုမိုဆောင်ရွက်လေ့ရှိသည်ဟု ဦးအောင်ဝင်းက ရှင်းလင်းပြောဆိုသည်။

လက်ရှိ၌ ကားအသစ် ဈေးကွက်အတွင်းသို့ မာစီဒီး၊ ဖို့တ်၊ မာဇဒါ၊ တိုယိုတာ၊ ဂျာဂွာ၊ လင့်ရိုဗာ၊ ရိန့်ခ်ျ ရိုဗာနှင့် ကီရာအမှတ်တံဆိပ် ကားများအပြင် ဒေါင်ဖန်းကားများကိုပါ အရောင်းပြခန်းများ ဖွင့်လှစ်ရောင်း ချလျက် ရှိသည်။

ကားဝယ်ရောင်းကျွမ်းကျင် ဦးအောင်ခိုင် က “တကယ်တမ်း အခွန်ကို မလျှော့ပေးတော့ဘူးဆိုရင် အို ဟောင်းကားဈေးကွက် က တစ်မျိုးပြောင်းလဲသွားမယ်ထင်တယ်။ ငွေကြေးအရ ကားအဟောင်းတွေကို ၀ယ် စီးတာမျိုးလည်း ဆက်ပြီးရှိနိုင်ပါတယ်” ဟု ထင်မြင်ချက်ပေးသည်။

လက်ရှိတွင် အိုဟောင်းယာဉ်ပါမစ်ဖြင့် တင်သွင်းသည့်ကားများကို အခွန်သက်သာ ခွင့် ၂၀ ရာခိုင်နှုန်း ပေးထားသည်။

Mizzima ,  
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment