RangonNewsDaily:: September . 30 .2014
အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးမှုကို သေမှုသေခင်းဖြင့်အမှုဖွင့် စစ်ဆေးနေရာမှ အဖိုးဖြစ်သူမှသတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲအမှုဖွင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ထားသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈) ရပ်ကွက်၊ ရဲကျော်သူ လမ်းဘေးတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်မှာ ပက်လက် အနေအထားဖြင့် ပါးစပ်တွင်အမြှုပ်များထွက်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသဖြင့် ဒဂုံဆပ်ကမ်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂၀/၁၄) ဖြင့်အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါမိန်းကလေးငယ်သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈) ရပ်ကွက်၊ ရဲကျော်သူလမ်းတွင် နေထိုင်သူဖြစ်ပြီး မိဘဖြစ်သူမှာခရီးထွက်ရန်ရှိသဖြင့် တစ်လမ်းတည်းတွင်နေထိုင်သည့် ၎င်း၏အဖိုးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ညွန့်ထံ အပ်နှံထားခဲ့သည်ကို တွေ့ရှိခဲ့သည်။
::
ယင်းသို့အပ်နှံခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် ဦးခင်မောင်ညွန့်မှ မြေးဖြစ်သူ မိန်းကလေးကို ထမင်းခွံ့နေစဉ်တွင် မြေးဖြစ်သူမှ၎င်း၏လက်ကိုကိုက်သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်ပြီး နေအိမ်အောက်တွင် ရေနှစ်သတ်ခဲ့သည်ကို စစ်ဆေးသိခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
::
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးခင်မောင်ညွန့်ကိုအရေးယူပေးပါရန် ရဲအုပ်သက်နိုင်က တရားလိုပြုတိုင်တန်းပြီး ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ) ၄၀၈/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် စက်တင်ဘာ ၂၈ ရက်တွင်ပြောင်းလဲအမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment