Pages

Pages - Menu

Wednesday, May 14, 2014

တူရကီ မိုင်းတွင်းပေါက်ကွဲမှု သေဆုံးသူ (၂၀၀)ကျော်ထိရှိလာ


RangonNewsDaily: May . 14 .2014
တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက် (၂၀၀)ကျော်ထိ မြင့်တက်လာပြီဟု သိရသည်။ တူရကီ စွမ်းအင်ဝန်ကြီး တာနာယီလ်ဒစ်ဇ်က အသေအပျောက် စာရင်းသည် (၂၀၁)ဦးထိ ရှိလာပြီး လူပေါင်း (၇၈၇)ဦးထိ ပိတ်မိနေဆဲဟု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ 
မာနီဆာ ပြည်နယ်ရှိ ဆိုမာအရပ်မှ ကျောက်မီးသွေးတွင်းသည် လျှပ်စစ်သွယ်တန်းမှု ချွတ်ယွင်းချက်များမှတစ်ဆင့် အင်အားပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ကယ်ဆယ်ရေး ဝန်ထမ်းများသည် အသက်ရှင် ကျန်ရစ်သူများကို ခေါ်ထုတ်နိုင်ရန် ကြိုးစားနေသလို အလောင်းများကိုလည်း သယ်ယူနေရဆဲ ဖြစ်သည်။

မိုင်းတွင်းရှေ့တွင် စိုးရိမ်ပူပန်နေသည့် ဆွေမျိုးသားချင်း အမြောက်အမြားက ပိတ်မိနေသူများ၏ ကံကြမ္မာကို မျှော်လင့်ခြင်းကြီးစွာ စောင့်မျှော်လျှက်ရှိသည်။ အဆိုပါ မိုင်းတွင်းသည် အန်ကာရာမြို့တော် အနောက်ဘက် မိုင်ပေါင်း (၂၈၀)မျှ အကွာတွင်ရှိပြီး ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ကြောင်း သိရသည်။
::

ဝန်ကြီး ယီလ်ဒစ်ဇ်က အသေအပျောက်စာရင်း (၂၀၀)ကျော်သွားသည့် သတင်းကို တူရကီ ရုပ်မြင်သံကြား ဌာနများသို့ ပြောကြားခဲ့သည်။ “အလောင်း(၂၀၁)လောင်းထိ ပြန်ရထားပါတယ်။ ဒဏ်ရာရတဲ့သူ (၈၀)ကျော်ရှိတယ်”ဟု ယီလ်ဒစ်ဇ်က ဆိုသည်။

ဝန်ကြီးက ကျွမ်းကျင်သူများ၏ အဆိုကို ကိုးကားပြီး ပေါက်ကွဲမှုနောက်ပိုင်း ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့များ အလုံးအရင်းနှင့် ထွက်ပေါ်လာမှုကြောင့် လူအများအပြား သေဆုံးခဲ့ခြင်းဟုလည်း ရှင်းပြခဲ့သည်။ 
::
လတ်တလောတွင် ကယ်ဆယ်ရေး လုပ်သားများက မိုင်းတွင်းထဲသို့ အောက်စီဂျင်ပိုက်များ ထိုးထည့်ပေးကာ ပိတ်မိနေသူများ အသက်ရှင်အောင် ကြိုးစားနေဆဲဟုလည်း သိရှိရသည်။

လေ့လာသူများက ယခုဖြစ်ရပ်သည် တူရကီ သမိုင်းတွင် အဆိုးရွားဆုံး မိုင်းတွင်းမတော်တဆမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ (၁၉၉၂)ခုနှစ်က ဇွန်ဂလူဒက် အနီးတွင် မိုင်းတွင်းပေါက်ကွဲမှု ဖြစ်ပွားရာ 
ထိုစဉ်က လူပေါင်း(၂၇၀)ထိ အသက်ဆုံးရှုံးခဲ့သည်။

Planet Myanmar ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment