RangonNewsDaily::Sunday. 15 May. 2016
မနက်မိုးလင်းလို့ နေထွက်သည့်အချိန်ကစပြီး ပူလိုက်သည့်အပူ၊ မွန်းတည့်ပြီးနောက်ပိုင်း နေ့လယ်ဆိုလျှင်တော့ ပြောမနေနှင့်။ ခြစ်ခြစ်တောက်ပူ၊ မခံမရပ်နိုင်အောင်ပူ၊ ချွေးပြိုက်ပြိုက်ကျအောင် ပူ။ ပူလိုက်တာ... ပူလိုက်တာ။ ယပ်တောင်တဖျပ်ဖျပ်ခပ်လည်း ပူ။ ပန်ကာဖွင့်တော့လည်း အစတော့ အေးသ လိုလိုနဲ့ နောက်တော့ ပူတာပါပဲ။
ကျွန်တော့်အခန်းကျဉ်းကလေးက သွပ် မိုးနိမ့်နိမ့်နှင့်ဆိုတော့ နေ့လယ်နေ့ခင်း ဘယ်လိုမှ နေမရအောင် ပူသည်။ အဲဒီတော့ အပူလွတ်ရာကို ရှာဖွေရတော့သည်။ ကျွန်တော့်လိုပင် အပူရှောင်သူများ၏ စုရပ်သည် ကျွန်တော်တို့လမ်းထိပ်ရှိ ဆွမ်းချက်ရုံ စတိုဆောင်ကလေးဖြစ်သည်။ စတိုဆောင်လေးအပေါ်မှာ အရိပ်ပြန့်ကားသည့် ဗာဒံပင်ကြီးက ထီးလိုမိုးပေးထားသည်။ ထိုဗာဒံရိပ်အောက်မှာပင် ကျွန်တော်တို့ စုဝေးကာ စကားထိုင်ပြောကြသည်။ ခပ်လှမ်းလှမ်းရှိ လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်လှမ်းမှာကာ သောက်ကြသည်။ ဤနည်းဖြင့် ကျွန်တော်တို့ အပူရှောင်ကြသည်။
ယခင်ကဆိုလျှင် ကျွန်တော်တို့ ပတ်ဝန်းကျင်သည် အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနှင့် အရိပ်တွေ ဝေဆာခဲ့ကြသည်။ နွေဆိုလျှင်ူ လို့ ပူမှန်းပင်မသိ။ နေ့လယ်နေ့ခင်း သစ်ပင်ရိပ်အောက်မှာ ဖျာခင်းကာ အိပ်သူက အိပ်။ ပက်လက်ကုလားထိုင်ချကာ စာဖတ်သူဖတ်၊ ကလေးတွေဆိုလည်း သစ်ပင်ရိပ်အောက်မှာ ပင် ကစားခုန်စား ပျော်ပါးကြသည်။ သစ်ပင်ရိပ်ကြောင့် အပူဒဏ်ကို တွန်းလှန်နိုင်ခဲ့ကြသည်။
အခုနောက်ပိုင်းမှာတော့ သစ်ပင်တွေ တစ်စတစ်စ ခုတ်လှဲခံလိုက်ရသောကြောင့် အရိပ်တွေလည်း ရှားပါးကာ ပျောက်ဆုံးကုန် ကြတော့သည်။ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလာရတော့မှ အရိပ်၏တန်ဖိုးကို နားလည်လာမိသည်။ သစ်ပင်တွေ၏ အကျိုးကျေးဇူးကို စဉ်းစားလာမိသည်။ အခုတ်ခံ လိုက်ရသည့် သစ်ပင်တွေကို နှမြောတသလာမိသည်။ ဟိုတုန်းက ရရှိခံစားခဲ့ဖူးသည့် သစ်ပင်ရိပ်တွေကို ပြန်ပြောင်းလွမ်းမိသည်။ မြန်မာစကားမှာ ‘နေရိပ်အလာ နေပူက စောင့်’ ဟူသော စကားရှိသည်။ အခု ကျွန်တော်တို့ ဖြစ်ပုံက ‘နေရိပ်တန်ဖိုး နေပူတော့မှ သိ’ ဆိုသလို ဖြစ်နေပြီ။ သစ်ရိပ်ဝေသော အချိန်ကာ လများ အတိတ်၏ စာမျက်နှာပေါ်မှာ မှုန်ဝါးဝါး ကျန်ရစ်ခဲ့ချေပြီတကား။
ဤသို့ဖြင့် နေ့လယ်နေ့ခင်း နေပူရှိန် ပြင်းလာပြီဆိုလျှင် ကျွန်တော်တို့တစ်စု ဗာဒံပင်ရိပ်အောက် အပူရှောင် ရပ်ဝန်းလေးသို့ ရောက်လာကြစမြဲ။ ရေနွေးကြမ်းတစ်ခွက် လက်ဖက်တစ်ပွဲနှင့် စကားတွေ ဖောင်ဖွဲ့ကြစမြဲ။ ဟိုအကြောင်း သည်အကြောင်း သောင်းပြောင်းထွေလာ ရောက်တတ်ရာရာ ပြောဆိုနေကြစမြဲ။ ဒီနေ့ စကားဝိုင်းလေးက ပြောရင်းပြောရင်း သစ်ပင်အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်အကြောင်း ရောက်သွားသည်။
‘‘ဒါနဲ့ မြစ်ဆုံစီမံကိန်းက ဆက်လုပ်မလိုလို ကြားနေပါလား’’
‘‘ကုမ္ပဏီကို လျော်ကြေးပြန်ပေးပြီး ရပ်မယ်ဆို၊ ဘယ်လိုလဲ’’
‘‘ဟုတ်လား။ ပြန်လုပ်ရင်တော့ ဒုက္ခပဲ’’
‘‘အေးလေ၊ ခုတောင် ဒီလောက်ပူနေတာ’’
‘‘ဟိုနေ့က ဖတ်လိုက်ရတဲ့ ကာတွန်းလိုဖြစ်နေပြီ။ ယောက်ျားလုပ်သူက လှမ်းပြောတယ်။ မိန်းမရေ အပြင်ထွက်ကြည့်ပါဦး။ နေနှစ်စင်းများ ထွက်နေသလားလို့တဲ့’’
‘‘ဟုတ်ပ။ တော်တော်ပူတာပဲနော်။ သစ်ပင်တွေရော ကျန်သေးရဲ့လား မသိဘူး’’
‘‘တောကတော့ ပြောင်သလောက် ဖြစ်နေပါပြီ။ ပဲခူးရိုးမတို့၊ ရခိုင်ရိုးမတို့လည်း သစ်ပင်တွေ ကျိုးတိုးကျဲတဲပဲ ကျန်တော့တယ်’’
‘‘တို့ကသာ ကျိုးတိုးကျဲတဲ။ ဟိုဘက်နိုင်ငံကြီးကတော့ စိမ်းစိုဝေဆာလို့’’
‘‘စိမ်းစိုမှာပေါ့။ ငါတို့ဆီက သစ်ပင်တွေကို အမြစ်ကပါ တူးဆွသွားကြတာလေ။ လူနာကို ဒရစ်သွင်းပြီး သယ်သလို သယ်သွားတာ။ ဟိုကျတော့ ကျင်းတူးပြီး စိုက်ရုံပဲလေ’’
‘‘တော်တော် လူဝါးဝတာပဲနော်’’
‘‘လူဝါးဝတာကတော့ မပြောနဲ့။ တို့ဆီက သစ်ပင်တွေကို လုပ်ချင်သလို လုပ်နေတာ၊ သူတို့ဆီက သစ်ပင်ကျတော့ သစ်ရွက်တစ်ရွက်တောင် ခြွေခွင့်မရှိဘူးတဲ့’’
‘‘အင်း.. ငါတို့ဆီများကျတော့ သစ်ပင်လာခုတ်ရတာနဲ့၊ မြစ်ရေစီမံကိန်းလုပ်ရတာနဲ့၊ ဓာတ်ငွေ့တွေ သယ်ရတာနဲ့။ ဒီကြားထဲ လူကုန်ကူး ခံရတာတောင်ပါသေး’’
‘‘မပူနဲ့.. ရှေ့လျှောက်ဒီထက်ပူဖို့သာ ပြင်ထား’’
တကယ်တော့ ကျွန်တော်တို့သည် အပူသည်များ ဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များလို အပူဘေးလွတ်ရာ ရှောင်လာကြသည့် အပူဒုက္ခသည်များ ဖြစ်ပါသည်။ အပူကြောင့် ဒုက္ခရောက်နေသူများ ဖြစ်ကြသောကြောင့် အပူဒဏ်၏ လက်သည်တရားခံများအကြောင်းကို အပျင်းပြေ ပြောမိ၊ ဝေဖန်မိ၊ ဒေါသထွက်မိကြသည့်သဘောပါပဲ။ ဆရာဇော်ဂျီကလည်း ကျွန်တော်တို့အရင် ပြောထားခဲ့ပြီးပြီ မဟုတ်လား။
တောပင်ကို တော်တော်ခုတ်ကြပါ့။
တောင်ပြုတ်လိမ့် နောက်နောင်။
တောခုတ်လို့ တောပြောင်၊
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်၊
သဲပင်လယ် ဖြစ်လိမ့်မလွဲ . . . တဲ့။
ကဲ.. ကျွန်တော်တို့ နိုင်ငံကြီး သဲပင်လယ်မဖြစ်အောင် ဘာလုပ်ကြမည်နည်း။ ယခုအတိုင်းဆိုလျှင်တော့ အပူရှောင်ရပ်ဝန်းတွေ တစ်စတစ်စ နည်းပါးလာသည့် ကျွန်တော်တို့ နိုင်ငံ သိပ်မကြာခင်မှာ ကွင်းခေါင်ခေါင် သဲပင်လယ်ထဲမှာ အပူဘေးဒုက္ခသည်စခန်းတွေ တစ်ခုပြီးတစ်ခု တိုးပွားလာမှာ အသေအချာပင်။ အခုပင်လျှင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပူရှောင်ကြသည့် အပူသည်တွေ ဘယ်လောက် တိုးပွားများပြားလာပြီလဲ မသိ။
လောလောဆယ် ကျွန်တော်တို့တစ်စုကတော့ နေ့လယ်နေ့ခင်း နေပြင်းလာပြီဆိုလျှင် ဟောဒီ ဗာဒံပင်ရိပ်အောက်က အပူရှောင် ရပ်ဝန်းလေးဆီသို့ ရောက်လာကြစမြဲ။ ရောက်လာတိုင်းလည်း အပူအကြောင်း၊ သစ်ပင်အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်အကြောင်း စကားဖောင်ဖွဲ့ကြစမြဲ။
Writer: မောင်ကြည်/ ElevenMedia
KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment