RangonNewsDaily::April . 25 .2016
ပုံမှာ မြင်ရတာက စစ်တွေ=ရန်ကုန် ပြေးဆွဲနေတဲ့တိုးရတနာ အထူးကားရဲ့ ကားတွင်းပိုင်းမြင်ကွင်းပါ။
ကားစီးချိန် (၂၄)နာရီကြာမြင့်တဲ့ဟိုက်ဝေးကားပေါ်မှာ ခရီးသည်များကိုနေရချထားပုံက မြို့ထဲသွား ဘတ်စ်ကားထက်
အခြေအနေဆိုးပါတယ်။
.
ကြားခုံမရှိဘူး လို့ ဂိတ်က ပြောပါတယ်။အမှန်လဲ ကားမှာ ကြားခုံမပါပါဘူး။ကြားခုံနေရာမှာ ဖျာခိုင်းပြီး
ခရီးသည်တွေကို ထိုင်ခိုင်းပါတယ်။
.
ပုံမှန်ကြားခုံဆို ၁၀ ဦးသာ တင်နိုင်ပေမယ့်ဒီလိုမျိုးဖျာခင်းလိုက်ရင် (၂၀)ဦးမက တင်လို့ရပါတယ်။
လက်မှတ်တစ်စောင် (20000)ပေးဝယ်စီးရတဲ့ခရီးသည်များခမျာ နိုင်ငံခြားသို့ လူခိုးပို့တဲ့ကားတွေထဲ
(လ ဝ က) မမြင်အောင် စီးရသလိုမျိုး အသက်ရှူကြပ်၊ ခန္ဒာကိုယ်ကြပ်၊
ခြေဆန့်မရ လက်ကွေးမရနဲ့ (၂၄)နာရီကြာ ဒုက္ခခံပြီး ရန်ကုန်ထိ စီးသွားရတော့မှာပါ။
.
မြန်မာပြည်မှာ ခရီးသွားမှန်သမျှဟာ ကားတွေက သတ်မှတ်ထားတဲ့ဈေးနုန်းအတိုင်း များ၏ နည်း၏ ပြောခွင့်မရှိ၊ ဈေးဆစ်ခွင့်မရှိပဲ သူတို့သတ်မှတ်သလို ပေးချေရပါတယ်။ ခရီးသည်ဘက်က မငြိုမငြင် ပေးရသလောက် ခရီးသည် အခွင့်အရေး ဘာမှမရပါဘူး။ ကားတွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းက မရှိသလောက်ပါပဲ။
.
လမ်းမှာ ကားချို့ယွင်းမှုတစုံတရာဖြစ်ခဲရင် ခရီးစဉ်နောက်ကျသွားတဲ့အတွက် ခရီးသည်များကို တောင်းပန်တာ။ ဆွမ်းချိန်မမှီတော့လို့ ကားပေါ်ပါ သံဃာများအတွက် ဆွမ်းစီစဉ်ပေးတာ စသဖြင့် သူတို့ဘက်က လုပ်ပေးတာ ဘာတစ်ခုမှ မရှိပါ။
.
ခရီးသည်က ဒီနေ့အဆင်မပြေလို့ နောက်နေ့မှလိုက်ပါရစေ ပြောရင်
(ရက်ရွေ့မရဘူး၊ ငွေပြန်မအမ်းဘူး၊အဲနေ့ မလိုက်ရင် အဆုံးပဲ) ဆိုပြီး ခပ်မာမာပြောတတ်ကြတယ်။
ကားထွက်ခွာချိန်ကျရင်လဲ ထိုနည်း၎င်းပါပဲ ။ သူတို့အဆင်မပြေလို့သာ ကားထွက်ချိန် နောက်ကျရင် နောက်ကျမယ်။ ခရီးသည်နောက်ကျလို့ စောင့်နေတာမျိုး ထုံးစံမရှိတာပါ။
.
သူတို့ဘက်ကသာ ပျက်ခွင့်ရှိတယ်။ ခရီးသည်ဘက်က ရက်မှန် အချိန်မှန်လာပေးရမယ်။ အချိန်နောက်ကျရင် လက်မှတ်အဆုံးဆိုတဲ့ သဘောပါပဲ။ (နိုင်ငံတကာလေကြောင်းတွေမှာတော့ ဒီနေ့မလိုက်ဖြစ်ရင် (၂၄)နာရီအတွင်း ရက်ရွေ့ရက်ပြောင်းလုပ်လို့ ရပါတယ်။)
.
လူ(၄၀)ဆန့်တဲ့ကားမှာ (၆၀)တင်ရင်လဲ ပြောခွင့်မရှိပါဘူး။ ကြားခုံမပါဘူး ပြောပြီး ကြားမှာလူတင်ရင်လဲ တိုင်လို့ မရပြန်ပါဘူး။ (မကျေနပ်ရင် ဆင်းသွား)လို့ ပြောရင် လိုရာခရီးအတွက် အချိန်မှီရောက်လိုတဲ့ ခရီးသည်ကပဲ ပါးစပ်ပိတ်သွားရပါတယ်။အထူးကားက TV မပြ၊ အဲကွန်းမဖွင့်လို့ ဖွင့်ဖို့ပြောရင်အကြောင်းတခုခုပြပြီး ငြင်းဆန်လေ့ရှိပါတယ်။
.
အဆိုးဆုံးကတော့ ရေအိမ်ကိစ္စအတွက် အရေးပေါ်တောင်းဆိုတဲ့အခါ ချက်ချင်းမရပ်ပေးပဲ သူတို့ရည်ရွယ်တဲ့အရပ်ဆီ မရောက်မချင်းမောင်းနေတာပါပဲ။ ဒီကိစ္စဆိုတာ ဝေဒနာကို လုံးဝမအောင့်နိုင်မှသာ ဖွင့်ပြောတာပါ။ အောင့်နိုင်အနေအထားသာဆို ဘယ်သူမှ မပြောပါဘူး။ ဒရိုင်ဘာကို ဖွင့်ပြောလာပြီဆိုတာနဲ့ အရေးပေါ်အခြေအနေသတ်မှတ်ပြီး အဆင်ပြေတဲ့နေရာ ချက်ချင်းရပ်တန့်ပေးသင့်ပါတယ်။
.
မြန်မာနိုင်ငံမှာ ထုံးစံတခုလို ဖြစ်နေတာက ခရီးသည်ထဲမှာ သံဃာပါပါ အရာရှိပါပါ လူကြီးပါပါ
ကားပေါ်ရောက်လာရင် ကားသမားပြုသမျှ နုရတာပါပဲ။ခရီးသည်တွေထဲက စောဒကတက် ပြောဆိုတာမျိုးတွေ အတွေ့ရ နည်းပါတယ်။ ကားသမားကလဲ ကားပေါ် ပါလာသမျှလူတွေ အားလုံးဟာ သူအုပ်ချုပ်နေတဲ့နိုင်ငံထဲက ကျေးကျွန်တွေလို့ မှတ်ယူထားဟန် တူပါတယ်။
.
ခရီးသည်တွေရဲ့ဆန္ဒ၊ ခံစားချက်ကို နည်းနည်းမှ ထည့်မတွေးပဲ ငွေများများရဖို့ နဲ့ မြန်မြန်ရောက်ဖို့သာ
စိတ်ထဲရှိကြပါတယ်။တချို့ကားပေါ်မှာတောင် စာရေးထားတတ်ပါတယ်။ (သင့်ရဲ့ စည်းစိမ်နဲ့မာနတို့ကို သင့်အိမ်မှာ ထားခဲ့ပါ)တဲ့။ဒီကားဟာ ငါတို့နေရာ မင်းတို့တွေ လာမကြောနဲ့ မာန်မထောင်နဲ့ ငါတို့သာ ဆရာ၊ မင်းတို့က အပလာ ဆိုတဲ့ သဘောပါ။
.
စီးပွားရေးလုပ်တာဆိုပေမယ့် ခရီးသည်နဲ့ ကားသမားတို့ဟာတဦးကို တဦး ကျွန်းကို ကိုင်းမှီ ကိုင်းကို ကျွန်းမှီနေကြရတာ
ဖြစ်ပါတယ်။ အချင်းချင်း စာနာနားလည်မှုအပြည့်နဲ့ ပြည့်သိပ်စွာ မတင်ပဲ ချောင်ချောင်ချိချိ သယ်ယူပို့ဆောင်ကြမယ်ဆိုရင် နှစ်ဦးနှစ်ဘက် အဆင်ပြေမည်ဖြစ်ကြောင်း ရေးသားတင်ပြ
လိုက်ရပါတယ်။
Credit: အရှင်ဇာဂရာလင်္ကာရ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment