Pages

Pages - Menu

Sunday, August 16, 2015

ရေဘေးသင့်သူ ဦးရေတစ်သန်းကျော်တွင် ကလေးသူငယ် သုံးသိန်းကျော် ပါဝင်ဟု UNICEF ထုတ်ပြန်


RangonNewsDaily:: August . 16 .2015
ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ကလေးငယ်များနှင့် မိသားစု အရေအတွက်မှာ ဆက်လက်မြှင့်တက်လျက် ရှိပြီး ယခုအချိန်အထိ ရေဘေးသင့်သူဦးရေ ၁ ဒသမ ၁ သန်းတွင် ကလေးသူငယ် ၃၉၀,၀၀၀ မှာလည်း ရေဘေးဒဏ် ခံစားနေကြရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်ထားသည်။
“နို့မထွက်တော့ နို့ဆီကိုပဲ ဖျော်တိုက်နေရတာ” ဟု ရေဘေးဒဏ် ခံစားခဲ့ရသော ညောင်တုန်းမြို့နယ် အေးရွာရှိ ၁၁ လသားအရွယ် ကလေးငယ်တစ်ဦး၏ မိခင် ဒေါ်စန်းအေးက ပြောကြားသည်။
ရေဘေးသင့်သူ ထက်ဝက်ကျော်ခန့်သည် အမျိုးသမီးများ ဖြစ်ကြပြီး ကိုယ်ဝန်ဆောင်မိခင် ၂၁,၀၀၀ ကျော်နှင့် နို့တိုက်မိခင်ပေါင်း ၂၀,၀၀၀ ကျော် ပါဝင်ကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် စိတ်ချရသော ရေအရင်းအမြစ်များ ရရှိရန် ခက်ခဲသည့် အနေအထားတွင် မွေးကင်းစ ကလေးငယ်များ၏ ကျန်းမာရေးအတွက် မိခင်နို့ တိုက်ကျွေးခြင်းသည် အထူးအရေးကြီးကြောင်း၊ ဝမ်းလျှောရောဂါ နှင့် ရေကြောင့်ဖြစ်ပွားသော ရောဂါများသည် ကလေးငယ်များ၏ အသက်ကို သေစေနိုင်ကြောင်း UNICEF က ထောက်ပြထားသည်။
.
“မသန့်ရှင်းတဲ့ရေကို အစားအသောက်များနဲ့ ရောနှောခြင်း ဥပမာအားဖြင့် ကလေးနို့မှုန့်တွေကို မသန့်ရှင်းတဲ့ရေနဲ့ ရောနှောအသုံးပြုခြင်းဟာ အန္တရာယ် ဖြစ်စေပါတယ်။ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဟာ စိတ်ချရဆုံးဖြစ်ပြီး မိခင်နို့ရည်မှာ လိုအပ်တဲ့ အာဟာရတွေ ပါဝင်ပြီး ကလေးငယ်တွေ ကျန်းမာရေးအတွက် အကာအကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ ပါဝင်ပြီး ဖြစ်ပါတယ်” ဟု ယူနီဆက်၏ Advocacy, Partnership and Communication ဌာန၏ ဌာနမှူးဖြစ်သူ အယ်လီဆင်ရို့စ်က ပြောကြားသည်။
.
ယူနီဆက်သည် စိတ်ချပြီး သန့်ရှင်းသော ရေပြန်လည် ရရှိသုံးစွဲနိုင်ရန် ကူညီလျက်ရှိပြီး ပတ်ဝန်းကျင် သန့်ရှင်ရေးအတွက် အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်ရေး အသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။
ကလေးသူငယ်များ၏ ကျန်းမာရေး ဖွံ့ဖြိုးမှုအတွက် ယူနီဆက်အနေနှင့် အရေးပေါ် အဏုအာဟာရ ပစ္စည်းများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသုံးအဆောင် ပစ္စည်းများနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများကိုလည်း ပံ့ပိုးပေးလျက် ရှိသည်။
.
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment