Pages

Pages - Menu

Saturday, May 9, 2015

ဒုတိယကမ္ဘာစစ်တွင်း ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်မျိုး မခံစားရစေရန် စစ်အင်အား တည်ဆောက်ခြင်းဟု တရုတ်ဆို


RangonNewsDaily:: May . 9 .2015
ဒုတိယကမ္ဘာစစ်တွင်း တရုတ်နိုင်ငံ ခံစားခဲ့ရသည့် ဘေးအန္တရာယ်မျိုး မကြုံတွေ့ရစေရန် အင်အားကြီးမားသည့် တပ်မတော်တစ်ရပ်ကို တည်ဆောက်နေခြင်း ဖြစ်သည်ဟု တရုတ်တပ်မတော် သတင်းစာတွင် ဖော်ပြထားကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ကိုယ်ပျောက်တိုက်လေယာဉ်များ၊ ဂြိုဟ်တုဖျက် ဒုံးကျည်များ အပါအဝင် အခြားသော စစ်ဘက်ဆိုင်ရာ အင်အားများကို တရုတ်က တိုးမြှင့်တည်ဆောက်နေသလို သမ္မတရှီကျင့်ဖျင် ရာထူး စတင်ရယူခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစ၍ ရေကြောင်းအငြင်းပွားမှုများတွင် တင်းတင်းမာမာ ရပ်တည်လာခြင်းကြောင့် ဒေသတွင်း နိုင်ငံများနှင့် ဝါရှင်တန်က စိုးရိမ်ပူပန်လျက် ရှိသည်။

ထို့အပြင် စစ်တွင်းနှင့် စစ်ပွဲမတိုင်မီ ကာလတွင်း တရုတ်နယ်မြေများကို သိမ်းပိုက်ခဲ့မှုနှင့် ပတ်သက်၍ ဂျပန်က ကျေနပ်အောင် တောင်းပန်ခဲ့ခြင်းမရှိဟု တရုတ်က စွပ်စွဲလျက်ရှိပြီး တရုတ်-ဂျပန် ဆက်ဆံရေးမှာလည်း တင်းမာလျက်ရှိသည်။

ဂျပန်ကျူးကျော်မှုတွင် တရုတ်နိုင်ငံ ရှုံးနိမ့်ခံစားခဲ့ရခြင်းမှာ တရုတ်ပြည်ကြီး အင်အားချည့်နဲ့လျက်ရှိပြီး စစ်တပ်မှာ ခေတ်နောက်ကျနေခြင်းကြောင့် ဖြစ်သည်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

“တိုင်းပြည်အင်အားနည်းရင် စစ်အင်အားလည်း ကျဆင်းတယ်။ အဲဒီလိုဖြစ်ရင်တော့ ခင်ဗျားတို့လည်း ဆိုးကျိုးတွေ ခံစားရမှာပါ။ ယနေ့ကမ္ဘာမှာ ကံအားလျော်စွာ ငြိမ်းချမ်းရေး ရနေပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှု နယ်ပယ်မှာတော့ တောတွင်းဥပဒေကပဲ ကြီးစိုးနေဆဲပါ” ဟု အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

ထို့အပြင် အချို့သောနိုင်ငံများက စစ်အင်အား အသုံးပြုပြီး လူဆိုးဂိုဏ်းကဲ့သို့ ပြုမူနေခြင်းကြောင့် တိုင်းပြည် စစ်အင်အား တိုးချဲ့ရန် လိုအပ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တိုးတက်မှုနှုန်း လျော့ကျသွားသော်လည်း စစ်အသုံးစရိတ်မှာ ဂဏန်းနှစ်လုံး ပမာဏဖြင့် တိုးမြှင့်နေသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီဖြစ်ပြီး ယခုနှစ်တွင် ဒေါ်လာ ၁၄၂ ဒသမ ၈၆ ဘီလီယံ အသုံးပြုရန် သတ်မှတ်ထားသည်။

The Voice , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment