Pages

Pages - Menu

Saturday, May 9, 2015

မြန်မာသင်္ဘောသားများပါသည့် ကုန်တင်သင်္ဘောကို အီရန်အစိုးရ ပြန်လွှတ်ပေး


RangonNewsDaily:: May . 9 .2015
မြန်မာသင်္ဘောသားများ လိုက်ပါလာပြီး ဟောလ်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်ရေတပ်၏ ကြားဖြတ် ဖမ်းဆီးမှုကို ခံခဲ့ရသော ကုန်တင်သင်္ဘောသည် ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဟု သတင်းရရှိသည်။
အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာဇီဟ် အက်ဖ်ခမ်းက မာရှယ်ကျွန်းနိုင်ငံအလံ လွှင့်ထူထားသည့် Maersk Tigris သင်္ဘောသည် မေလ ၇ ရက်တွင် အီရန် ရေပိုင်နက်မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ISNA သတင်းဌာနသို့ ပြောကြားခဲ့သည်။
-
သို့သော်လည်း သင်္ဘော၏ ခရီးစဉ်များကို စီမံကွပ်ကဲသည့် Rickmers Shipmanagementက သင်္ဘောကို ပြန်လွှတ်ပေးကြောင်း အီရန်အစိုးရထံမှ တရားဝင် အကြောင်းကြားမှုမျိုး မရရှိသေးဟု ဆိုသည်။ အဆိုပါ သင်္ဘောကို ဧပြီ၂၈ ရက်တွင် အီရန် ကင်းလှည့်ရေယာဉ်များက ကြားဖြတ် ဟန့်တားခဲ့ပြီး မြန်မာသင်္ဘောသား (၁၃)ဦး အပါအဝင် ရေယာဉ်အမှုထမ်း (၂၄)ဦးကိုထိန်းသိမ်းထားခဲ့သည်။
-
အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ယာဗက်ဒ် ဇာရစ်ဖ်က သင်္ဘောကို ဖမ်းဆီးရခြင်းသည် တရားဥပဒေအရ ပိုင်ဆိုင်မှု အငြင်းပွားသည့် ကိစ္စများအတွက် အီရန်ကုမ္ပဏီ တစ်ခုက တိုင်ကြားထား၍ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ကြေညာခဲ့သည်။
သို့သော်လည်း ယင်းလုပ်ရပ်သည် ယီမင်ရှိ ၎င်းတို့၏ မဟာမိတ် ဟိုသီသူပုန်များထံ စေလွှတ်လိုက်သည့် ထောက်ပံ့ရေး သင်္ဘောများကို အမေရိကန်က ကြားဖြတ် ဟန့်တားမှုအပေါ် အီရန်က လက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။
-
အီရန်တရားရုံး တစ်ခုက သင်္ဘော၏ ကျောထောက်နောက်ခံ ဒိန်းမတ်ကုမ္ပဏီ Maerskကို အီရန် ကုမ္ပဏီ တစ်ခုထံသို့ နစ်နာကြေး ပေးရမည်ဟုလည်း အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပြဿနာရှင်းလင်းပြီးပြတ်ခြင်း ရှိမရှိ မသိရသေးမီ သင်္ဘောကို အီရန်အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
-
အီရန်ရေတပ်၏ ကြားဖြတ် ဖမ်းဆီးမှုသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး ရေလမ်းကြောင်း တစ်ခု၏ လုံခြုံရေး ကဏ္ဍကို တိုက်ရိုက်ခြိမ်းခြောက်သည့် သဘောမျိုး ဖြစ်လာသည်။ ယင်းဖြစ်ရပ် အပြီးတွင် အမေရိကန်က ရေတပ် ဖျက်သင်္ဘော USS Farragutကို ဟောလ်မုဇ် ရေလက်ကြားသို့ စေလွှတ်ပြီး လုံခြုံရေးအတွက် စောင့်ကြည့်စေခဲ့သည်။
-
Maersk ကုမ္ပဏီက မိမိတို့၏ သင်္ဘောသည် နိုင်ငံတကာ ရေလမ်းကြောင်းအတိုင်း ခုတ်မောင်းနေစဉ် ဖမ်းဆီးခံရခြင်းဟု ပြောကြားထားပြီး အီရန်ကမူ သင်္ဘောသည် မိမိတို့ ရေပိုင်နက်ထဲတွင် ရှိနေစဉ် ကြားဖြတ် ဟန့်တားခဲ့ခြင်းဟု ကြေညာထားသည်။
-Ref: BBC ::--
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment