Pages

Pages - Menu

Sunday, May 17, 2015

နီပေါတွင် ပျက်ကျခဲ့သည့် အမေရိကန် ရဟတ်ယာဉ်တွင် လိုက်ပါသွားသူအားလုံး သေဆုံး


RangonNewsDaily:: May . 17 .2015
နီပေါနိုင်ငံတွင် ပျက်ကျခဲ့သည့် အမေရိကန် မရိန်းတပ်ဖွဲ့သုံး ရဟတ်ယာဉ်တွင် လိုက်ပါသွားသူ ရှစ်ဦးစလုံး သေဆုံးပြီဟု ယူဆရကြောင်း အမေရိကန် စစ်ဘက်က ကြေညာခဲ့သည်။

ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးအပြီးတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ရဟတ်ယာဉ်သည် မေ ၁၂ ရက်တွင် နောက်တစ်ကြိမ် ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်စဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့သည်။ မေ ၁၅ ရက်တွင်မူ ခတ္တမန္ဒူ မြို့တော်နှင့် ဧဝရတ် တောင်တို့ကြား တောင်စောင်းနေရာ တစ်ခုတွင် ရဟတ်ယာဉ်ပျက် အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် မရိန်းစစ်သည် ၆ ဦးနှင့် နီပေါစစ်သား ၂ ဦးတို့ လိုက်ပါသွားပြီး တစ်ဦးမျှ အသက်ရှင်ဖွယ် မရှိဟု အမေရိကန် စစ်တပ်က အတည်ပြုခဲ့သည်။ UH-1Y Huey အမျိုးအစား ရဟတ်ယာဉ်ကို ၎င်းနောက်ဆုံး ဦးတည်ပျံသန်းခဲ့သည့် ရှယ်ရီကော့ရွာ မြောက်ဘက် ၈ မိုင်မျှ အကွာတွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဟု အမေရိကန် စစ်ဘက် ကြေညာချက်တွင် ဖော်ပြထားသည်။
“သူတို့အားလုံးဟာ သတ္တိရှိပြီး ကိုယ်ကျိုးမဖက် အနစ်နာခံသူတွေပါ။ နိုင်ငံတကာ ထောက်ပံ့ရေး လုပ်ငန်းစဉ်တွေမှာ ကူညီဖို့အတွက် နီပေါကို သူတို့ ရောက်နေကြတာ ဖြစ်ပါတယ်”ဟု မရိန်းတပ်ဖွဲ့မှ ဗိုလ်ချုပ် ဂျွန်ဝီဆဲလ်က ပြောကြားခဲ့သည်။

လေတပ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့က ရဟတ်ယာဉ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၁၀၀၀ မျှ အမြင့်ရှိပြီး သွားလာရန် ခက်ခဲသည့် တောင်စောင်း တစ်နေရာ၌ ပျက်ကျခဲ့ခြင်းဟု အတည်ပြုခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ရဟတ်ယာဉ် ပျောက်ဆုံးနေချိန်တွင် ဝိုင်းဝန်းကူညီ ရှာဖွေပေးခဲ့သည့် နီပေါနှင့် အိန္ဒိယ အစိုးရများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ တကယ့်ကို ကြေကွဲစရာ အဖြစ်ဆိုး တစ်ခုပါ။ ဒါပေမဲ့ အမေရိကန် စစ်မှုထမ်းတွေဟာ လူသားချင်း စာနာမှုနဲ့ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဦးမှာပါ။ နီပေါမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည် ဖော်နေမှာ ဖြစ်ပါတယ်”ဟု ကာတာက ဆိုသည်။

အမေရိကန်သည် လေတပ် မှုခင်းပညာရှင် ၄ ဦးကို စေလွှတ်ပြီး တွေ့ရှိသည့် အပျက်အစီးများသည် ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်မှဖြစ်ကြောင်း အတည်ပြုချက် ရယူခဲ့သည်။ ရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်မသွားမီတွင် အခြေစိုက် စခန်းသို့ အရေးပေါ် အခြေအနေ အသိပေး ခေါ်ယူမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဟုလည်း သိရှိရသည်။
Ref: Latimes ,Photo - Marinecorpstimes
7Day Daily , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment