Pages

Pages - Menu

Wednesday, November 19, 2014

တပ်မတော်သား ကိုယ်စားလှယ်များ လစာခံစားခွင့် ကျပ် ၁၆ သိန်းအထိရရှိရန် လွှတ်တော်အတည်ပြု

RangonNewsDaily:: November . 19 .2014
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို လစာခံစားခွင့် အနည်းဆုံး ကျပ်၁၀ သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိ ရရှိရန် ဥပဒေကြမ်းတွင် ထည့်သွင်း အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်၊ ဥပဒေကြမ်းတွင် ယင်းကိစ္စကို ထည့်သွင်းကာ ယနေ့ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် ဥပဒေနှင့်အညီ ကာကွယ်ရေး ဦးစီးချုပ်၏ အမည်စာရင်း ပေးပို့မှုကြောင့် ဥပဒေပြုရေးသို့ ရောက်ရှိလာပြီး လွှတ်တော် လုပ်ငန်းဆိုင်ရာများကို ပြုလုပ်နေရသောကြောင့် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီက ဆိုထားသည်။

ယခင်ဥပဒေအရ ရွေးကောက်ခံ ကိုယ်စားလှယ်များ နည်းတူ လစာ ကျပ်သုံးသိန်းသာ ခံစားခွင့်ရှိပြီး လက်ရှိပြဋ္ဌာန်းသော ဥပဒေတွင် ယင်းကိုယ်စားလှယ်များ နည်းတူ ခံစားခွင့် ရရှိရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

လက်ရှိ အချိန်အထိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်အတိုင်း တပ်မတော်လစာကို ရာထူး အဆင့်ဆင့်ကို ခံစားနေပြီး ယင်းဥပဒေကို သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီးပါကလည်း ဥပဒေနှင့်အညီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုကို လိုက်နာရမည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ယင်းဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော်သမ္မတက အတည်ပြုပြီးပါက နည်းဥပဒေ ရေးဆွဲရန် ပြည်ထောင်စု အစိုးရသို့ ပေးပို့သွားရမည် ဖြစ်ပြီး အစိုးရ၏ နည်းဥပဒေ တင်ပြချက်များအရ ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်ကို ယူမှသာ လုပ်ထုံးလုပ်နည်း မှန်ကန်မည် ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ဆိုသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment