Pages

Pages - Menu

Friday, November 28, 2014

အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း မန္တလေးမြို့တွင် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟုဆို


RangonNewsDaily:: November . 28 .2014
မန္တလေးမြို့တွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားသမဂ္ဂများစုပေါင်း၍ သပိတ်မှောက်ဆန္ဒပြမှုအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂများနှင့်အတူ ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ တောင်ငူ အစရှိသည့် ကျောင်းသားသမဂ္ဂများစုပေါင်းပြီး အင်အား ၆ဝ ခန့်က နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်ကာ ညနေ ၆ နာရီ အချိန်ခန့်အထိ မြို့အတွင်း လမ်းလျှောက်ချီတက်ကာ ဆန္ဒပြဟောပြောမှုများ၊ မြို့တော်ခန်းမရှေ့(ကျုံးနံဘေး)၌ ထိုင်သပိတ်ဆင်နွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျောင်းသားသမဂ္ဂများမှ စုပေါင်းဆန္ဒထုတ်ဖော်ရာတွင် အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ စစ်ကျွန်ပညာရေး အလိုမရှိ၊ ကျောင်းသားထုကိုအခြေမခံသော ပညာရေးအလိုမရှိ၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး၊ “သပိတ် သပိတ် မှောက် မှောက်”၊ We are student's not customer ၊ We Need Academic Freedom၊ Education not for sale အစရှိသည့် ကြွေးကြော်သံများ ဖြင့် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

“အမျိုးသားပညာရေးဥပဒေကို ကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေက မူကြမ်းအဆင့်ကတည်းက ကန့်ကွက်ခဲ့ကြတာပါ။ ဘာကြောင့်ကန့်ကွက်ခဲ့ရလဲဆိုရင် အမျိုးသားပညာရေးဥပဒေက ဗဟိုချုပ်ကိုင်မှုတွေများနေတဲ့အပြင် ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို အာမမခံနိုင်ပါဘူး။ ပညာရေးလွတ်လပ်ခွင့်တွေရမယ်လို့ မယုံကြည်ဘူး။ အဓိကက ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားဖို့တွေမပါဘူး။ အဲဒီအချက်တွေအတွက် ကျွန်တော်တို့ ကန့်ကွက်ရတာဖြစ်ပါတယ်”ဟု မန္တလေးခရိုင် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဠ ကိုဆွေလင်းထွန်းက ပြောကြားသည်။

ကျောင်းသားသမဂ္ဂများစုပေါင်း၍ အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်ဆန္ဒပြမှုကို အိမ်တော်ရာဘုရားမှ စတင်ခဲ့ပြီး ၎င်းမှအထွက်တွင် ရဲတပ်ဖွဲ့မှတားဆီးခြင်းကြောင့် ကျောင်းသားများနှင့် အနည်းငယ် ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။
ယင်းနောက် ဆေးရုံကြီးရှေ့တွင် မန္တလေးမြို့သို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ယာဉ်တန်းနှင့်တွေ့ဆုံခဲ့ရာ ကျောင်းသားများက ဆေးရုံရှေ့၌ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေမှာ ဗဟိုချုပ်ကိုင်မှု၊ ဒီမိုကရေစီပညာရေးကို အာမမခံနိုင်မှုနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့် မရရှိကြောင်း၊ ယင်းကြောင့် မူကြမ်းအဆင့်၌ပင် ကန့်ကွက်မှုများပြုလုပ်ခဲ့ရကြောင်း၊ မူကြမ်းအဆင့်၌ ကျောင်းသားများ ကန့်ကွက်နေသည့်ကြားမှပင် အစိုးရနှင့် လွှတ်တော်မှ အတည်ပြုပြဠာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ ထုတ်ပြန်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း တောင်းဆိုမှုများအား လိုက်လျောပေးခြင်းမရှိပါက သပိတ်မှောက်ဆန္ဒပြတောင်းဆိုမှုများအား နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောင်းသားများမှ ပြောဆိုခဲ့ကြသည်။

“ကျွန်တော်တို့ ဒီကနေ့လုပ်နေတာက ဆန္ဒပြနေတာ မဟုတ်ပါဘူး။ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတာပါ။ ကျွန်တော်တို့ကျောင်းသားတွေ တောင်းဆိုထားတဲ့အချက်တွေကို ထပ်ပြီးတောင်းဆိုသွားပါမယ်။ အစိုးရကို ရက်ပေါင်း ၆ဝ အတွင်းမှာ ကျွန်တော်တို့ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်ကိုးချက်ကို လိုက်လျောမပေးဘူးဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျောင်းသားသပိတ်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်။ ပုံစံအမျိုးမျိုးနဲ့ လုပ်သွားမယ်။ ရက်ပေါင်း ၆ဝ အတွင်းမှာလည်း နယ်မြို့တွေမှာ သပိတ်မှောက်ဆန္ဒပြတာတွေ လုပ်ဆောင်သွားမှာပါ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment