Pages

Pages - Menu

Monday, October 20, 2014

ဘက်ထရီခေါင်းချောင်ရာမှ ကားမီးလောင်မှုဖြစ်ပွား


RangonNewsDaily:: October . 19 .2014
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ် ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ် နတ်စင်လမ်းကားမှတ်တိုင်မရောက်မီ မြန်မာ့သစ်လုပ်ငန်း အမှတ်(၁)သစ်စက်အနီး၌ ယနေ့ နံနက် ၇ နာရီခွဲက မော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီးဖြင့် သွားရောက်
ငြှိမ်း သတ်ခဲ့သည်။ ထိုမီးလောင်ကျွမ်းသောယာဉ်မှာ ဆူဇူကီးပစ်ကပ်(R-) အမျိုးအစား နီညိုရောင်၊ YGN 8E/ ....ယာဉ်ဖြစ်ပြီး ဆင်မလိုက်ဘက်မှ သီရိမင်္ဂလာဈေးဟောင်းဘက်သို့အသွား လမ်း
အလယ်တွင် မောင်းနှင်နေစဉ် ဘက်ထရီခေါင်း ချောင်ကာ ရှော့ခ်ဖြစ်ပြီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။


ထိုမီးလောင်ကျွမ်းမှုမှာ ငြှိမ်းသတ်ရင်း မီးအရှိန်မြင့်မားလာမှုကြောင့် မီးငြှိမ်းသတ်ယာဉ်အမှတ် ဏ/... ၏ ခေါင်းခန်းယာဘက်ခြမ်းတံခါးမှာလည်း မီးဟပ်ခံရပြီး လောင်ကျွမ်းသည့်ယာဉ်တွင် လောင်စာဆီများပါရှိခြင်းတို့ကြောင့် အခြေအနေ ဆိုးရွားမှုမျိုးမဖြစ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်သိပြည်သူများက သတိပြုငြှိမ်းသတ်ခဲ့ရသည်။
::
''ခက်တာက ဝိုင်းကြည့်တဲ့လူတွေကြောင့် မီးငြှိမ်းသတ်ရေးမှာ အနှောင့်အယှက်ဖြစ်ရတယ်။တော်ကြာမတော်တဆ ပေါက်ကွဲမှုဖြစ်ရင် မလွယ်ဘူး။ လူတွေကို မနည်းရှင်း ထုတ်ရတယ်'' ဟု ကြည့်မြင်တိုင်မြို့နယ် သာဓု အနောက်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် လောင်စာဆီများပါဝင်နေခြင်းကြောင့် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ယာဉ်တစ်စီးလုံး လောင်ကျွမ်းပြီးမှသာ မီးငြိမ်းသွားခဲ့ခြင်းဖြစ်သည်။ ''ဒီလောင် ကျွမ်းတဲ့ယာဉ်ရဲ့နောက်ခန်းမှာ ဇလုံတွေနဲ့တင်ထားတဲ့ ကုန်ပစ္စည်းတွေနဲ့ ဒီဇယ်ဆီ ၁ဝ ဂါလန်စီပါဝင်တဲ့ ဆီပုံး သုံးပုံးတွေ့ရပါတယ်''ဟု အဆိုပါ မီးလောင်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဆေးနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
::
မီးလောင်ကျွမ်းခြင်းကြောင့် ဒက်ရှ်ဘုတ်၊ အင်ဂျင်ခန်း၊ကူရှင်များ၊ လေကာမှန်၊ ဒီဇယ်ဆီ ၁ဝ ဂါလန်ဝင် ဆီပုံးသုံးပုံး၊ အနောက်တာယာများ၊ တင်ဆောင်လာသည့် ကုန်ပစ္စည်းများ လောင်ကျွမ်းခံခဲ့ရသည်။
::
မီးလောင်မှုကြောင့် ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေးသွားကြောင်း လတ်တလောစုံစမ်းမှုများအရ သိရပြီး မီးငြှိမ်းသတ်မှုလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် ခေတ္တပိတ်ထားရသည့် ကြည့်မြင်တိုင်ကမ်းနားလမ်းကို နံနက် ၈ နာရီခွဲဝန်းကျင်ခန့်တွင် ပြန်ဖွင့်ပေးသည့်အတွက် ယာဉ်သွားလာမှုများလည်း ပုံမှန်လည်ပတ်ခဲ့ကြောင်း သိရသည်။

The Mirror Daily ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment