Pages

Pages - Menu

Tuesday, September 2, 2014

၁၅၀၀ တန် ဆင်းမ်ကတ် ခုနစ်သိန်းကျော် ရောင်းမည်ဟု MPT ဆို

RangonNewsDaily:: September . 2 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆင်းမ်ကတ် ၇ သိန်းကျော်ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးတွင် မဲဖောက်ပေးသည့် စနစ်အစား လွတ်လပ်စွာ ဝယ်ယူနိုင်သော စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ကြေညာထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည့် WCDMA 3G ဆင်းမ်ကတ်များကို အရောင်းကိုယ်စားလှယ် ယူထားသော Elite မိုဘိုင်းလ် အရောင်းဆိုင်၊ လူကြီးမင်း မိုဘိုင်းလ်၊ Best One၊ Any Call၊ KMD၊ ဆမ်ဆောင်း အရောင်းဆိုင်များ၊ ABC စတိုး အစရှိသော မိုဘိုင်းလ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ဆင်းမ်ကတ်များကို မိမိနေထိုင်ရာ မြို့နယ်အလိုက် အရောင်းကိုယ်စားလှယ် ဆိုင်များတွင် မှတ်ပုံတင်မူရင်း ပါရှိမှသာ ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
::
တန်ဖိုးနည်း ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချနိုင်သော်လည်း ကွန်ရက်များကို တိုးချဲ့ရာတွင် အခက်အခဲများ ရှိခြင်း၊ ဖုန်းလိုင်းများ အကျပ်အတည်းများ ကြုံတွေ့နိုင်ခြင်းကြောင့် ယခုကဲ့သို့ ရောင်းချရခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အကြံပေး ဦးကျော်စိုးဝင်းက ပြောဆိုသည်။

အဆိုပါ ရောင်းချမည့် ဆင်းမ်ကတ် နံပါတ်များမှာ ၄ နှင့်စသော နံပါတ်များနှင့် ၂ နှင့်စသော နံပါတ်များ ဖြစ်ကြောင်း ၎င်းကဆိုသည်။
:::
“ဖုန်းဆိုတဲ့အရာက လူတွေအများကြီး အသုံးပြုနိုင်မှ တန်ဖိုး ပိုရှိတာလေ။ ဒီလိုရောင်းချလာတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဖုန်းတွေချဲ့ပြီး ရောင်းလာသလို ကွန်ရက်တွေလည်း တိုးဖို့၊ ကောင်းဖို့ လိုတယ်။ ဟိုနေရာမမိ ဒီနေရာမရ ဆိုရင်တော့ အဆင်မပြေနိုင်ဘူး” ဟု မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း နာယက ဦးရဲမြတ်သူက ဆိုသည်။
::
နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခု အတွင်းရှိ မြို့များမှ လက်လီအရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ကြေညာထားပြီး တယ်လီဖုန်း ခေါ်ဆိုမှု နှုန်းထားများကို ယခင်အတိုင်းသာ ကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုန်ပြန်ထားသည်။


KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment