Pages

Pages - Menu

Friday, September 19, 2014

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် အမြန်လမ်းပေါ် တက် လာသည့် ဆိုင်ကယ်နှင့် Elite ခရီးသည်တင်ယာဉ် တိုက်မိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ


RangonNewsDaily:: September . 18 .2014
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က Elite အဆင့်မြင့် ခရီးသည်တင်ယာဉ်နှင့် အမြန်လမ်းပေါ်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့ တိုက်မိရာမှ မော်တော်ဆိုင်ကယ်ပေါ်မှ အသက် ၆၈ အရွယ် အမျိုးသားကြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မှ နေပြည်တော်သို့ ခရီးသည် ၃၃ ဦး တင်ဆောင်ကာ မောင်းနှင်လာသော Elite ခရီးသည်
တင်ယာဉ်မှာ မိုင်တိုင်အမှတ် ၁၂၉/၆ အရောက်တွင် အမြန်လမ်း ညာဘက်လမ်းသွယ်ဘက်မှ ထွက်လာသော မော်တော်ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့သော အမြန်လမ်း ၁၁၅ မိုင်ရှိ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကားက သူ့လမ်းအတိုင်း ပုံမှန်အရှိန်နဲ့ မောင်းလာတာကို ဆိုင်ကယ်က လမ်းပေါ် ဗြုန်းခနဲ တက်လာတော့ ရှောင်ပေမယ့် ဖြတ်တိုက်မိသွားတာ။ ဆိုင်ကယ်ကို အရှိန်နဲ့ ရှောင်လိုက်
တာကြောင့် Elite ကားက လမ်းလယ်ကျွန်းတုံးပေါ် ရောက်သွားတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
::
အဆိုပါ ယာဉ်တိုက်မှုကြောင့် Elite ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း မော်တော်ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသူ အုတ်တွင်းမြို့နယ်၊ ဇီးကုန်းကျေးရွာ၌ နေထိုင်သူ အသက် ၆၈ နှစ်အရွယ်ရှိ ဦးသက်ဦးဇော်မှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူ အသက် ၃၁ နှစ်အရွယ်ရှိ ကိုသိန်းဇော်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဖြူးမြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ဗောဓိကုန်း နယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“အမြန်လမ်းပေါ် ဆိုင်ကယ်တက် မမောင်းရဘူးလို့ အမြန်လမ်း ရဲတပ်ဖွဲ့က ကြေညာထားတယ်။ ဆိုင်ကယ် တက်မောင်းခဲ့ရင် မောင်းနှင်သူကို ထိရောက်စွာ အရေးယူမယ် ဆိုတာကို သိရဲ့သားနဲ့ စည်းကမ်း မလိုက်နာတာကြောင့် လူ့အသက် ဆုံးရှုံးမှုတွေ ဖြစ်ရတာ။ လတ်တလော ယာဉ်ထိန်းရဲတပ်ဖွဲ့က အမှုကို စုံစမ်းနေပါတယ်” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
::
ယင်းယာဉ်တိုက်မှုကြောင့် Elite ယာဉ်ပေါ်ပါ ခရီးသည်များကို အခြား Elite ခရီးသည်ယာဉ်များဖြင့် ပြောင်းရွှေ့ကာ မောင်းနှင်ထွက်ခွာခဲ့ကြောင်း Elite Express အဆင့်မြင့် ခရီးသည်တင် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment